ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ သမာဓိရွှေဆိုင်မှ အမျိုးသမီး၀န်ထမ်း ၁၃ ဦးကို ပန်းသပိတ်ပြု လုပ်မှုကြောင့်ဟုဆိုကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့ မွန်လွဲပိုင်းတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်က ပန်းဘဲတန်းမြို့(၁) ရပ်ကွက် ရွှေတိဂုံ ဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ သမာဓိရွှေဆိုင်မှ အရောင်း အမျိုးသမီး ၀န်ထမ်းများကို စစ်ဆေးမည်ဟုဆိုကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြင်တာတော့ ကလေးမလေးတွေက ပန်းပန်ထားတာပါ။ သူတို့ပြောသလို ဆန္ဒပြ နေတာလည်းမဟုတ်ပါဘူး။ ၀င်ပြီးဖမ်းသွားတာ” ဟု စစ်ကောင်စီတပ်၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို မျက်မြင် တွေ့ရှိခဲ့သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပန်းဘဲတန်းမြို့နယ် (၁) ရပ်ကွက်ရှိ အောင်သမာဓိရွှေဆိုင်မှ အရောင်းစာရေး အမျိုးသမီး တစ်ဦးအပါအ၀င် ရှစ်ဦးနှင့် (၇) ရပ်ကွက် မဟာဗန္ဓုလလမ်းနှင့် ၂၉ လမ်းထိပ်ရှိ သမာဓိရွှေဆိုင်မှ အရောင်းစာရေးအမျိုးသမီးအပါအ၀င် ငါးဦး စုစုပေါင်း ၁၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သမာဓိရွှေဆိုင်မှ အမျိုးသမီး၀န်ထမ်းများကို ပန်းသပိတ်ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ပန်းဘဲတန်းရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။
ယနေ့ နံနက် ၁၀ နာရီခန့်က ထောက်ကြန့်ဈေးအတွင်း ပန်းသပိတ်အတွက် နှင်းဆီ ပန်းဝေသူနှင့် ပန်းပန်ထားသည့် ပြည်သူ ၁၈ ဦးကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် အဓမ္မ အာဏာသိမ်းယူကာ ၎င်းတို့ ဖမ်းဆီး ထောင်ချထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ဇွန်လ ၁၉ ရက်နေ့တွ င်ကျရောက်သည့် အသက် ၇၈ နှစ်ပြည့်မွေးနေ့အတွက် တနိုင်ငံလုံးရှိ ပြည်သူများက ဆုတောင်းမေတ္တာပို့သ၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ကို အထူး စိုးရိမ်ကြောက်လန့် လျှက်ရှိသည်။