ကရင်ပြည်နယ် နဲ့မွန်ပြည်နယ်ထဲက စစ်ဆင်ရေးတွေကို ကိုင်တွယ်ရတဲ့ အရှေ့တောင်တိုင်းစစ်ဌာချုပ် စစ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကို ရာထူးကနေ အနားပေးလိုက်ပြီးနောက် လာအိုနိုင်ငံသံအမတ်အဖြစ် စစ်ကောင်စီက ပို့လိုက်ပါတယ်။
သံအမတ်အဖြစ်လာအို ကို ပို့လိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာမှာ ဇွန်လ ၁၆ ရက်ဖော်ပြထားတာပါ။
ဗိုလ်ချုပ်မြတ်သက်ဦးဟာ ပြီးခဲ့တဲ့ နှစ် သြဂုတ်လအတွင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးအဖြစ် ခန့်အပ်ခံရပါတယ်။ အဲဒီမတိုင်ကတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့သူပါ။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး တာဝန်ယူပြီး ၇ လအကြာမှာတော့ ရာထူးကနေ ဖြုတ်ခံလိုက်ရပြီး ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတဲ့သတင်းတွေလည်းအဲဒီအချိန်က ထွက်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်တာမရှိခဲ့ပါဘူး။
အဲဒီနောက် ၂ လအကြာ ဇွန်လ ၁၆ ရက်မှာတော့ ဦးမြတ်သက်ဦးကို လာအိုသံအမတ်အဖြစ် ခန့်အပ်လိုက်တယ်လို့စစ်ကောင်စီရဲ့ကြေညာချက်ထွက်လာတာပါ။
လာအိုဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှာဖြစ်လို့ စစ်တိုင်းမှူး ကို သံအမတ်အဖြစ် စစ်ကောင်စီက ကြိုတင်လွှတ်ထားတာဆိုတဲ့သုံးသပ်မှုတွေရှိနေပါတယ်။
တဖက်မှာလည်း တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အရှေ့တောင်တိုင်း စစ်နယ်ဝှမ်းမှာ KNU ၊ PDF တပ်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အထိနာလို့ တိုင်းမှူးရာထူးကနေ ဖယ်ရှားပြီး သံအမတ်အဖြစ် ပို့လိုက်တာဆိုတဲ့သုံးသပ်မှုတွေလည်းရှိပါသေးတယ်။