မိုးဗြဲ မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကိုယ့်တပ်ကို ပြန်ပစ်ခတ်မိခဲ့သော ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF UAV ဒရုန်းတပ်ဖွဲ့က ဇွန် ၁၉ ရက်တွင်ထုတ်ပြန်သည်။
စစ်ရေးပြင်းထန်လာသည့် ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲ မြို့တွင် ဇွန်လ (၁၆) ရက်၌ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ KNDF -UAV ဒရုန်းတပ်ဖွဲ့မှစစ်ကူသွားခဲ့ပြီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား ဒရုန်းနှင့် တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။
ဇွန် ၁၆ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ရာ အရပ်သားနေအိမ်တွင် နေရာယူထားသည့် စစ်သားများကိုသာထိမှန်ခဲ့ကြောင်း ရုပ်သံနှင့်တစ်ကွ ထုတ်ပြန်သည်။
၁ မိနစ် နှင့် စက္ကန့် ၂၀ ကြာသောရုပ်သံဖိုင်တွင် စက္ကန့် ၂၀ ကျော်၌ စစ်ကောင်စီကပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးမှာ စစ်သားအချို့ ခိုလှုံနေသည့် အရပ်သားနေအိမ်ပေါ်သို့ ကျရောက်ခဲ့သည်။
ထို့အတူ ရုပ်သံဖိုင်ရှိ တစ်မိနစ်နှင့် ၉ စက္ကန့် အချိန်တွင် လက်နက်ကြီးထိမှန်သည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကျန်စစ်သားများကဆွဲထုတ်နေသည်ကိုတွေ့ရသည်။
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့်ဖြင့် ဇွန်လဆန်းမှစ၍ စည်းကား ၂ နှင့် ၃ ရပ်ကွက်များ၌ တပ်စွဲထားကြောင်းမိုးဗြဲPDF တာဝန်ရှိသူက အသိပေးသည်။
“တိုက်ပွဲက လောလောဆယ်တော့ ဆိုင်ထားတုန်းလို့ပဲ ပြောရမယ်။၁၆ ရက်နေ့က တိုက်ပွဲကတော့ စကစ က ၁၀ ဦးထက်မနည်းသေတယ်။ကျွန်တော်တို့ဘက်က ခြောက်ဦးလောက်ဒဏ်ရာ ရတယ်”ဟု အထက်ပါတာဝန်ရှိက People’s Spring သို့ပြောသည်။
အင်အား ၄၀၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်နှင့်PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်း မှာ မိုးဗြဲ မြို့ရှိ အရပ်သားပြည်သူများကို ဖမ်းဆီးထားပြီး ပြည်သူ ၃၀ ဦးခန့်ကို သတ်
ဖြတ်ထားသည်။
စစ်ကောင်စီတပ်ကို မိုးဗြဲ PDF ၊KNDF အပါအဝင်ကရင်နီ ပူးပေါင်းတပ်များက ဆက်တိုက်ခုခံတိုက်ခိုက်နေသည်။