ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ပွင့်လင်းအေးမြိုင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကာ ထိခိုက် ဒဏ်ရာ ရသူများရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က မြဝတီမြို့အနီးရှိ ပွင့်လင်းအေးမြိုင် (ခ) တုံးတံတားကျေးရွာကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်သောကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
” ဒီနေ့ နံနက်ပိုင်းကနေစပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာ ရွာသူ ရွာသားတွေ လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရတဲ့ သူတွေရှိတယ်။ ရွာထဲကို PDF တွေ ရောက်ရှိနေတယ်ဆိုပြီး စစ်တပ်ကို မမှန်သတင်းပေးသူတွေရှိတယ်လို့ သိရတယ်။ အခုထိ ပစ်နေတုန်းပဲ ရွာသူ ရွာသားတွေကတော့ ခြေလျင်ပြေးနေရတဲ့သူများတယ်။ ဆိုင်ကယ်၊ ကားတွေနဲ့လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။