မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကဒ်ကို သားဖြစ်သူ ကင်မ်အဲရစ်က လန်ဒန်ရှိ မြန်မာသံရုံးကို လူကိုယ်တိုင်သွားရောက်ပေးပို့ခဲ့ပေမဲ့ သံရုံးဘက်က လက်မခံဘဲ မပို့ပေးနိုင်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။
မနေ့က၊ ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အတွက် သားအငယ်ဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက မွေးနေ့ကဒ်နဲ့အတူ ပန်းစည်းကို လန်ဒန်စံတော်ချိန် မနေ့က မနက်၁၁နာရီမှာ မြန်မာသံရုံးကို သွားပေးခဲ့တာပါ။
မြန်မာသံရုံးရှေ့ ရောက်ရှိနေတဲ့ ကင်မ်က မိခင်ဖြစ်သူအတွက် ပန်းစည်းနဲ့ မွေးနေ့ကဒ်ပေးဖို့ သံရုံးတံခါးပေါက် ကနေ ပြောဆိုခဲ့ပေမဲ့ မြန်မာသံရုံးဘက်က ဝန်ထမ်းအမျိုးသမီးကတော့ ပစ္စည်းတွေ လက်မခံဘဲ သူတို့ မပို့ပေးနိုင်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။
ဒါ့အပြင် မွေးနေ့ကဒ်လာပို့တဲ့ ကင်မ်ကို သံရုံးတံခါး မဖွင့်ပေးခဲ့တာကိုလည်း Burma VJက ဖော်ပြတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
တံခါးမဖွင့်ပေးခဲ့တဲ့အတွက် မွေးနေ့ကဒ်ပြားကို မြန်မာသံရုံးရဲ့ တံခါးပေါက်ထဲ ကင်မ်က ထည့်ပေးခဲ့ပြီး နှင်းဆီပန်းစည်းကိုတော့ သံရုံးအပြင် သံတိုင်စည်ရိုးမှာ ချည်နှောင်ထားခဲ့ပါတယ်။
သူပေးခဲ့တဲ့ မွေးနေ့ကဒ်ကို အမေလက်ခံရရှိမယ်လို့ မထင်ပေမဲ့ မျှော်လင့်ချက်တော့ ထားနေတုန်းပဲလို့ ကင်မ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။
“အမေ့မွေးနေ့မှာ ကျနော် အမေ့ကို သတိရနေမယ်ဆိုတာ ပြန်ပြောပြနိုင်လောက်တဲ့ နှလုံးသားလေးတော့ မြန်မာစစ်တပ်မှာ ရှိနေလိမ့်မယ်လို့ ယူဆတယ်” လို့ ကင်မ်က ရုပ်သံဖိုင်မှာ ပြောထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သားဖြစ်သူက သူရဲ့မိခင်ဖြစ်သူကို ရန်ကုန်အိမ် ပြန်ပို့ပေးဖို့လည်း တောင်းဆိုထားပါတယ်။