တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းမမိလို့အဖေဖြစ်သူ ကို မနေ့ ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်းကစစ်တပ်က ရိုက်နှက်ဖမ်းခေါ်သွားတယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
ကိုမင်းလွင်ဦးရဲ့ အဖေ ဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဦးအောင်ဖေ ကို လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာ နေအိမ်မှာ ဝင်ဖမ်းသွားတာလို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ဆိုပါတယ်။
စစ်ကောင်စီတပ်သား ၄၀ ခန့်ဟာ ကား ၄ စီးနဲ့ရောက်လာပြီး နေအိမ်ထဲက ပစ္စည်းအချို့ကိုဖျက်ဆီးခဲ့တဲ့အပြင် ဖုန်း ၂ လုံးနဲ့ငွေကျပ် ၈ သိန်း ပါယူသွားတယ်လို့ သပိတ်ကော်မတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
အခုလိုဝင်ရောက်ဖမ်းဆီးသွားတဲ့ ပြင်းထိန်ရွာထဲကို စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၈ ရက်ညပိုင်းကလည်း ပစ်ခတ်ဝင်ရောက်လာတာရှိတယ်လို့ သိရပါတယ်။
ကိုမင်းလွင်ဦးဟာ စစ်အာဏာသိမ်းပြီးနောက် ဒီနေ့အထိ လူထုသပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်နေသူဖြစ်တယ်လို့လည်းသိရပါတယ်။