အကြမ်းဖက်စစ်တပ်က အမျိုးသမီး (၃) ဦးနဲ့ အမျိုးသား (၈၈) ဦးကို စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတဝန်းက ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး အရေအတွက်မှာ အမျိုးသမီး (၃) ဦးနဲ့ အမျိုးသား (၈၈) ဦး စုစုပေါင်း (၉၁) ဦး ရှိပြီးတော့ မန္တလေးတိုင်းမှာ (၂၀) ဦးနဲ့ အများဆုံး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဒီဇင်ဘာလအထိ (၄၅) ဦး၊ ၂၀၂၂ ခုနှစ်မှာ (၃၂) ဦး နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လ ၂၁ ရက်နေ့အထိ (၁၄) ဦး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လ ဧပြီလ ၂၇ ရက်နေ့တုန်းက ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာမှာရှိတဲ့ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့တပ်တွေက အနီးအနားမှာရှိတဲ့ကျေးရွာတွေက ဒေသခံ ၃၀ ဦးကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
ဒီဖမ်းဆီးခံရသူတွေအနက်မှာ ကျုံပါကျေးရွာက ဦးမြသိန်းနဲ့ ကိုကျော်မြင့်သိန်း၊ ဖိုးစပါယ်ကျေးရွာက ဒေါ်တင်မျိုးခိုင်၊ ဦးဝင်းဇော်ဌေးနဲ့ ဦးဆံရှည်တို့ ငါးဦးဟာလည်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတာပါ။