မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှားစေးချက်ကြီးကျေးရွာတွင် သွေးသောက်အဖွဲ့ဝင် ၁ ဦး ကို ဖမ်းဆီးစဥ် ပြန်လည် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း မြနန္ဒာစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ရှားစေးချက်ကြီးရွာတွင် မသင်္ကာဖွယ်ရာလူတစ်ဦး ရောက် ရှိနေကြောင်း သတင်းအရ မြနန္ဒာစစ်ဆင်ရေး(မန္တလေး)မှ Never Give Up Fighter Force ရဲဘော်များမှ သွားရောက် စစ်ဆေးမေးမြန်ရာ မန္တလေးနှင့် မတ္တရာမြို့နယ်အတွင်းလှည့်လည်လူသတ်နေသော သွေး သောက်အဖွဲ့ဝင်၊ ပျူစောထီး ဆရာဦးပိုင်(ခ)ဦးပိုင် ဆိုသူဖြစ်ကြောင်း သိရှိရသောကြောင့် ဖမ်းဆီးခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာမှ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော သွေးသောက်အဖွဲ့ဝင် ဆရာဦးပိုင်(ခ)ဦးပိုင် ထံမှ လက်ကိုင် ဖုန်း ၂ လုံး၊ ဝေါ်ကီတော်ကီ ၁ လုံး၊ ကြံ့ခိုင်ရေး အမှတ်တံဆိပ်ပါ ရင်ထိုး ၁ ခု၊ ကြံ့ခိုင်ရေးပါတီဝင် ကဒ်ပြားတစ်ခုနှင့် သွေးသောက်အဖွဲ့ အမှတ်တံဆိပ် ကဒ်ပြားတစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“သတင်းရလို့ သွားစစ်တာ၊ လုပ်ထုံလုပ်နည်းနဲ့အညီ ဖမ်းဆီးထိန်းသိမ်းပြီး စခန်းကို ခေါ်လာခဲ့ပေမယ့် လမ်းမှာ ပြန်ခုခံရန်ပြုပြီး ထွက်ပြေးရန် ကြိုးစားလို့ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတာ၊ အလောင်း တော့ လမ်းမှာပဲ ထားခဲ့လိုက်တယ်၊ မတ္တရာ၊ မန္တလေးမှာက သွေးသောက်တွေ ခဏ၊ခဏ ပြည်သူတွေကို သတ်တယ်၊ သွေးသောက်လည်ဆွဲချိတ်ပြီးတော့” ဟု မြနန္ဒာစစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။