ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ထမ်စမ်းဂူ အနီးမှာ စစ်ကားကြီး တစ်စီးက လယ်လုပ်ပြီး ပြန်လာတဲ့ ပအိုဝ်း တောင်သူ တစ်ဦးကို တိုက်ပြေးသွားတဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဟိုပုံး-လွိုင်လင် လမ်းမကြီးအတိုင်း မောင်းနှင်လာတဲ့ စစ်ကား တစ်စီးက ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်န့၊ နေ့လယ် ၁ နာရီခန့်မှာ ထမ်စမ်းဂူအနီး၊ ရွာသစ်(မောက်ကထဝ်း) ရွာထဲကနေ လမ်းမကြီးကို ဖြတ်ကူးဖို့ စောင့်နေတဲ့ ဆိုင်ကယ်စီး ပအိုဝ်းတောင်သူ တစ်ဦးကို အရှိန်နဲ့ ဖြတ်တိုက်ပြီး မောင်းပြေးသွားတာလို့ ဆိုပါတယ်။
“ခြံသွားလုပ်တဲ့သူပါ။ ပြောင်းစိုက်ပီး ပိုးသတ်ဆေးဖျန်းဖို့ ဆေးပုံးတောင်ပါသေး။ ခဏလေးတောင် မရပ်ဘူး၊ တိုက်ပြီးလည်း ဆက်မောင်းသွားတာ၊ အဲ့နေရာမှာပဲ ဆုံးသွားတာတဲ့” လို့ စစ်ကား အတိုက်ခံရသူရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကားတိုက်ခံရသူဟာ အသက် ၅၀ ခန့်ရှိ ဦးမော်လော် ဆိုသူဖြစ်ပြီး ခြံမှာ အလုပ်လုပ်ပြီး ရွာသစ်ရွာမှာရှိတဲ့ အိမ်အပြန်မှာ တောင်ကြီးဘက်က တက်လာတဲ့ စစ်ကားက ဝင်တိုက်ပြီး ဆက်မောင်းသွားတာကြောင့် အခင်းဖြစ်ရာ နေရာမှာ အသက်ဆုံးပါးခဲ့တာလို့ သိရပါတယ်။
ဦးမော်လော်ရဲ့ အသုဘ ရက်လည်နေ့မှာတော့ စစ်တပ်က နာရေးအကူငွေ အနေနဲ့ ငွေ ၅ သိန်း လာပေးပြီး ကျေအေး ခိုင်းခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။