ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့တွင်ဖွင့်လှစ်ထားသည့် ကမ္ဘာ့ရတနာဘဏ်ခွဲက ခေတ္တပိတ်သိမ်းမည်ဖြစ်၍ ငွေအပ်ထားသူများ လာရောက်ထုတ်ယူရန် အဆိုပါဘဏ်ခွဲက ကြေညာထားသည်။
ဘဏ်ခွဲကိုလာမည့် ဇူလိုင်၁ ရက်တွင် စတင်ပိတ်သိမ်းမည်ဖြစ်၍ ငွေအပ်ထားသူများသည် ဇွန် ၃၀ ရက်နောက်ဆုံးထား၍ အပ်နှံထားသည့် ငွေများ ပိုင်ရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဟု အဆိုပါဘဏ်ကထုတ်ပြန်ထားသည်။
ထုတ်ယူရာတွင်လည်း သတ်မှတ်နှုန်းထားအတိုင်း ထုတ်ယူရမည်ဟုလည်း ဘဏ်ကထုတ်ပြန်ထားပြီး မည့်သည့်အကြောင်းဖြင့် ပိတ်သိမ်းရသည်ကိုမူဖော်ပြထားခြင်းမရှိပေ။
“ငွေစုစာအုပ်ပြနိုင်မှ ငွေထုတ်လို့ရပါတယ်။ ဘဏ်အကောင့်ပိုင်ရှင်ကိုယ်တိုင်လာမှရမယ်”ဟု ငွေသွားထုတ်ခဲ့သူတစ်ဦးကပြောသည်။
ဘဏ်လုပ်ငန်းလည်ပတ်မှုအရ ဘဏ်ခွဲများပိတ်သိမ်းခြင်းသည် လုပ်ငန်းသဘာဝဖြစ်ပြီး ပိတ်သိမ်းသည့် ဘဏ်ခွဲများရှိသလို ဘဏ်ခွဲများအသစ်ဖွင့်လှစ်ခြင်းလည်းရှိနိုင်သည်ဟု ဘဏ်လုပ်ငန်းဆိုင်ရာ အရာရှိတစ်ဦးမှတ်ချက်ပေးသည်။
ကျောက်မဲမြိ့နယ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားကောင်းပြီး စစ်ကောင်စီစိုးမိုးမှုအားနည်းသောဒေသတစ်ခုဖြစ်သည်။
ကမ္ဘာရတနာဘဏ်ကို ၁၉၉၆ခုနှစ်တွင်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် အများပြည်သူပိုင်ဘဏ်အဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ စစ်အစိုးရပင်ဖြစ်သော နအဖလက်ထက်မွေးရေဝန်ကြီး ဦးမောင်မောင်သိမ်းနှင့် စစ်တပ်ဗိုလ်ချုပ်ဟောင်းများအဓိကပိုင်ဆိုင်သောဘဏ်ဖြစ်သည်။လက်ရှိတွင်ဘဏ်ခွဲပေါင်း ၁၈၀ကျော်ကိုဖွင့်လှစ်ထားသည်ဟုကြေညာထားသည်။
စစ်အုပ်စုနှင့်နီးစပ်ပြီး စစ်တပ်အရာရှိဟောင်းအများစုကိုခန့်ထားသောဘဏ် ဖြစ်ပြီးစစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းဘဏ်အရာရှိစစ်သားဟောင်းအချို့ လုပ်ကြံခံရမှုနှင့် ဘဏ်ဓါးပြတိုက်မှု မကြာခဏဖြစ်ပွားခဲ့သည်။