ရန်ကုန်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင်လည်းဖြစ်၊ စစ်တပ်လက်အောက်ခံ မြို့နယ် YMBA ဥက္ကဋ္ဌလည်းဖြစ်သူ လှကြည် ပစ်ခတ် ခံရပြီး သေဆုံးခဲ့ကြောင်း Dagon Seikkan PDF မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇန ဥယျာဥ်မြို့တော် C ဘလောက် ၁ လမ်းတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် လှကြည်ကို Dagon Seikkan PDF က သေ နတ်ဖြင့် ၁၂ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“သူက အရင်တုန်းက ၉၃ ရပ်ကွက် အုပ်ကြီးဟောင်းပါ အခု လက်ရှိမှာတော့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင်ပါ။ ဒီည ၇ နာရီ ၃၀ မိနစ်မှာ သေနတ်သမား တွေက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်လို့ သေနတ် ကျည် ၆ ချက်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဒဂုံမြို့သစ်ဆိပ်ကမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း Dagon Seikkan PDF မှ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။
“လှကြည်က ဟိုးအရင်က ၉၃ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်အာဏာသိမ်း တော့ မြို့နယ်ထွေအုပ်စီမံအဖွဲ့ဝင်ဖြစ်သွားတာပါ။ ဒဂုံဆိပ်ကမ်း မြို့နယ် အုပ်ချုပ်ရေး ၅ ဦးကော်မတီထဲက တစ်ဦးပါ။ လူမိုက်တွေ မွေးထားတာ အများကြီးပဲ။ ယုဇန အပိုင်း၂ မှာ ကားပေါ်မှာ ပစ်ခံရတာ။ သူက စစ်တပ် အားကိုးနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။