၈၈ ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ Facebook ပေ့စ် ဒီကနေ့ မနက်ပိုင်းမှာ ဖျက်သိမ်း ခံရလိုက်ရတယ်လို့ စုံစမ်းသိရပါတယ်။
ဒီကနေ့ ဇွန်လ ၂၄ ရက်၊ မနက်ပိုင်းမှာ Facebook Team က ပြည်သူ့ပါတီ ပေ့စ်ဟာ သူတို့ရဲ့ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းကြားစာ ပေးပို့ပြီး ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို ဖျက်သိမ်းခံရတာနဲ့ ပတ်သက်ပြီး ပြည်သူ့ပါတီရဲ့ ဗဟိုအတွင်းရေးမှူး (၁) ဦးကျော်ကျော်ထွေး (ခ) ဦးမာကီ က ဦးကိုကိုကြီး နဲ့ ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို မကြိုက်သူတွေရဲ့ လက်ချက်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။
ဦးကိုကိုကြီး ဟာ ၁၉၈၈ လူထု အရေးတော်ပုံမှာ ပါဝင်ဦးဆောင်မှု၊ စစ်အစိုးရကို ဆန့်ကျင်မှုတို့ကြောင့် ၁၉၉၁ ခုနှစ်မှာ ထောင်ကျခဲ့ရာ ၂၀၁၂ ခုနှစ်မှာတော့ စစ်တပ် ကျောထောက်နောက်ခံ သမ္မတဦးသန်းစိန် ရဲ့ လွတ်ငြိမ်း အမိန့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
လက်ရှိ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အတွက် အခုနှစ် အတွင်းမှာ ပြည်သူ့ပါတီကို မှတ်ပုံတင်ခဲ့တာကြောင့် စစ်တပ် အောက်ဆွဲ အဖြစ် ပြည်သူတွေက ဝေဖန်နေပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်က နိုင်ငံတဝှမ်း အကြမ်းဖက် သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို Facebook Team က ဖြုတ်ချနေတာ ဖြစ်ပါတယ်။