မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငမြားကြီးရဲစခန်းကို ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) အဖွဲ့ဆီက သိရပါတယ်။
ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်း ၈ နာရီလောက်က စစ်သားနဲ့ရဲ အင်အား ၃၀ လောက်နဲ့ တပ်စွဲနေတဲ့ ငမြားကြီးရဲစခန်းကို ဒရုန်း ၃ စီးနဲ့ ဗုံး ၁၂ လုံးကြဲချခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁(နဂါးနီတပ်ရင်း)၊ ရွေဘိုခရိုင်တပ်ရင်း ၁၅၊ ဆားတောင်မိုးကြိုး(Local PDF)နှင့် Danger Force (Local PDF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။