ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဇွပ်ဂျာကျေးရွာက ပြည်သူတွေဟာ ၂၀၁၃ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် မိုင်းခေါင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေထိုင်ရာကနေ မေ ၁၀ ရက်က စတင်ပြီး နေရပ်ပြန်နေထိုင်နေတာ ဖြစ်ပါတယ်။
နေရပ်ပြန်ပြီးနေထိုင်နေတဲ့ ပြည်သူတွေဟာ အခုနှစ်မိုးရာသီမှာ တောင်ယာနဲ့ လယ်ယာလုပ်ငန်းတွေကို စတင်လုပ်ကိုင်တာကြောင့် စားဝတ်နေရေးအခက်အခဲနဲ့ လယ်ယာသုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဇွပ်ဂျာကျေးရွာမှ ပြည်သူတဦးက ပြောပါတယ်။
ဇွပ်ဂျာကျေးရွာက ပြည်သူအများစုဟာ မိုင်းခေါင်စစ်ရှောင်စခန်းမှာ ၉ နှစ်တာ တိမ်းရှောင်နေထိုင်ခဲ့ကြပြီး ကျေးရွာနဲ့သက်ဆိုင်တဲ့ နှစ်ဖက်အစိုးရတွေကို အကြောင်းကြားပြီးမှ ပြန်လည်နေထိုင်ကြတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ နိုင်ငံအနှံ့ ဖြစ်ပွားနေပေမဲ့ မလုံခြုံသေးတဲ့အချိန် နေရပ်ပြန်ပြီး နေထိုင်နေတာနဲ့ ပတ်သက်ပြီး နေရပ်ပြန် ပြည်သူတဦးက အခုလိုပြောပါတယ်။
ဇွပ်ဂျာကျေးရွာမှာ အိမ်ထောင်စုပေါင်း ၇၅ ခု နေရပ်ပြန်ပြီး နေထိုင်နေတာဖြစ်ပါတယ်။ အခုလို ၉ နှစ်ကြာတဲ့အချိန်မှ နေရပ်ပြန်ပြီး နေထိုင်တဲ့အချိန် ကျေးရွာအတွင်းမှာ ရေတွင်းတတွင်းသာ ရှိတာကြောင့် သောက်သုံးရေရှားပါးတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဇွပ်ဂျာကျေးရွာက ပြည်သူတွေ နေရပ်ပြန်ဖို့ ကျေးရွာရှင်းလင်းတဲ့အချိန် မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေကိုလည်း ကျေးရွာက ပြည်သူတွေသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။
ဇွပ်ဂျာကျေးရွာမှာ လွန်ခဲ့တဲ့ မတ်လတုန်းကလည်း မိုင်းခေါင်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။