စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
“ခွေးတွေ သာစည်ရွာကို ဝင်လာတာ။ ၄ အိမ်ရှိပြီ ရှို့တုန်း မနက်က စဝင်တာ။ မြို့တွင်း အမြောက်တပ် (အမတ) ကနေ ၁၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ အလုံး ၅၀ ကျော်ပြီ မှတ်ထားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် မြို့တွင်း အမြောက်တပ် (အမတ) မှ မွန်းလွဲ ၁၂ နာရီ ၆ မိနစ်မှ စ၍ လက်နက်ကြီးဖြင့် ၈ ချက်တိတိပစ်ခတ်ပြီးဖြစ်ပြီး ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။
“မနက်က သာစည်ကို လက်နက်ကြီး ၁ လုံးကျတာက သာစည်အရှေ့ဖျားက ရွာမ တိုက်တဲထဲ ကျလို့ ပြည်သူ အမျိုးသား ၁ ဦး သေတယ်။ ဒီနေ့ လက်နက်ကြီးနဲ့ပစ်တာ အမတ က ပစ်တာပဲ မှတ်တမ်းယူထားတာ ကျန်တဲ့ စက်ဂိတ်၊ မဟာအောင်မြေကျောင်း၊ တောင်ဖီလာနဲ့ GTC က စစ်ခွေးတွေလည်း ပစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။