ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃၆၀၂ ၊ သဲကုန်းမြို့နယ် TPDF တပ်ခွဲ ၄ ထံမှ သိရသည်။
ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် သဲကုန်းမြို့နယ်၊ ဆီမြီးဆွဲမြို့တွင် နယ်ထိန်းရဲ ဦးကျော်ကျော်နှင့် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်တို့ ဆိုင်ကယ်စီးလာစဥ် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှုအတွင်း အငြိမ်းစား ရဲအရာရှိ ဦးစိုးသက်အောင်မှာ ကျောပေါက်ဒဏ်ရာဖြင့် နေရာတွင်ပင်သေဆုံးခဲ့ပြီး ဆင်မြီးဆွဲမြို့ရဲစခန်းမှ နယ်ထိန်း ဦးကျော်ကျော်မှာ ပြင်းထန်ဒဏ်ရာများဖြင့် ပြည်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။
နယ်ထိန်းကျော်ကျော်သည် ခရီးသွား ပြည်သူတွေများ၏ ဆိုင်ကယ်များကို ဖမ်းဆီးပြီး ငွေတောင်းခံခြင်း၊ မရှိဆင်းရဲပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ မတရားအမှုဆင်ထောင်ချခြင်း စသည့် စစ်တပ် အလိုကျ ပြည်သူများအပေါ် မတရားဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေကြောင်း ပြည်သူများ၏ တိုင်ကြားမှုကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၂၊ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ ၄ TPDF နှင့် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃၆၀၁ PPDF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် စိုးအောင်ကို ရေးဘီးလူး တပ်ဖွဲ့က ဇွန်လ ၂၆ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရေးဘီးလူး တပ်ဖွဲ့ထံမှ သိရသည်။
သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် စိုးအောင်သည် အစင်ရွာ၊ ကျားတန်း၊ ဇီဖြူသောင်ရွာ၊ ဓမင်ဆိပ်ရွာ၊ ပင်လယ်ဝဆိတ်ကလေးရွာ၊ အဘော်ရွာ၊ ဒူးယားရွာရှိ ပြည်သူများကို အနိုင်ကျင့်ကာ ငွေကြေးတောင်းရမ်း စားသောက် နေသူဖြစ်ကြောင်း သိရှိရသည်။