မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအနေဖြင့် ဇူလိုင် ၁၅ရက်နောက်ဆုံးထားပြီး အလင်းဝင်ကြရန် ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ထုတ်ပြန်ကြေညာသည်။
နိုင်ငံအဝှမ်းတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခြင်း၊နေအိမ်ပျက်စီးခြင်းများ တွေ့ကြုံခံစားကြရသော်လည်း Non CDM ဝန်ထမ်းများသည် ပြည်သူလူထုအား မျက်နှာမမူဘဲ စစ်တပ် ၏ ထောက်တိုင်များအဖြစ် ဆက်လက်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း ဖော်ပြသည်။
ထို့ကြောင့် ပခုက္ကူမြို့နယ်အတွင်း ယနေ့ အချိန်အထိ စစ်ကောင်စီထံ အလုပ်ဝင်ရောက်နေကြသော Non CDM ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် CDM ဝန်ထမ်းများအား အနှောက်အယှက်ပေးခြင်း၊ နှင်ထုတ်ခြင်း သတင်းပေးခြင်း လုံး၀မပြုလုပ်ကြရန်နှင့် ဇူလိုင် ၁၅ရက် နောက်ဆုံးထား၍ နီးစပ်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်၍ အလင်းဝင်ရောက်ကြရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း ဖော်ပြသည်။
ယခု ထုတ်ပြန်ချက်သည် နောက်ထပ်အမိန့်တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်သည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး အမိန့်ပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု သတိပေးသည်။
ပခုက္ကူ(ပအဖ)သည် ဇွန်လ ၂၄ရက်ကလည်း သတိပေးကြေညာချက် တစ်ရပ်ထုတ်ပြန်ပြီး ပခုက္ကူမြို့ပေါ် ရပ်ကွက်များတွင် မြို့နယ်လျှပ်စစ် ဝန်ထမ်းများက စစ်ကောင်စီ လုံခြုံရေးရယူပြီး မီတာခကောက်ခြင်း၊ မီတာခ မပေးပါက မီးဖြတ် တောက်ခြင်း ဆက်လက်မလုပ်ဆောင်ရန် လျှပ်စစ်ရုံး တာဝန်ရှိသူ အဆင့်ဆင့်အားနောက်ဆုံးအကြိမ်အဖြစ် သတိပေးခဲ့သည်။
ထို့အပြင် သတိပေးချက်အား လိုက်နာခြင်းမရှိဘဲ ဆက်လုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။