စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ “တရားသောစစ် နိုင်ကိုနိုင်ရမယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး- KNPLF တပ်ဖွဲ့ရဲ့ ဒီကနေ့ ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ တော်လှန်ရေး သက်တမ်း ၄၅ နှစ်ပြည့် ဂုဏ်ပြု သဝဏ်လွှာမှာ ရှမ်းတောင် (၁၀၀၈) တပ်ရင်းက ကြုံးဝါး ပြောဆို လိုက်ပါတယ်။
KNPLF ဟာ ၄၅ နှစ်တိုင်အောင် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ဆောင်ရွက်လာပြီး နွေဦး တော်လှန်ရေး ပေါ်ပေါက်လာချိန်မှာ ရှိပြီးသားမူဝါဒ၊ လူထုတောင်းဆိုမှု အတိုင်း လူမျိုးပေါင်းစုံ လွတ်မြောက်ရေး၊ လူမျိုးရေး တန်းတူအခွင့်အရေးနဲ့ တရားမျှတမှု ရရှိရေး အတွက် ဆက်လက် တိုက်ပွဲဝင် ကြိုးပမ်းနေတဲ့ အတွက် ဂုဏ်ယူ ဝမ်းမြောက်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး အနေနဲ့ ဒီကနေ့ ကျရောက်တဲ့ တော်လှန်ရေး ၄၅ နှစ်ပြည့်ကနေ ရည်မှန်းချက် ပန်းတိုင် ရောက်ရှိတဲ့အထိ ဆက်လက် ဖော်ဆောင်နိုင်ပါစေလို့ ရှမ်းတောင် (၁၀၀၈) တပ်ရင်း ပေးပို့တဲ့ သဝဏ်လွှာမှာ ဆုတောင်းပေးထားပါတယ်။
စစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှာ နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းခဲ့ရတဲ့ KNPLF တပ်ရင်း (၂) ခုဟာ လက်ရှိ ပြည်သူတွေဘက်ကို ပြန်လည်ကူးပြောင်းလာပြီး ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ တပ်ရင်းတွေ အဖြစ် ကရင်နီပြည်၊ မယ်စဲ့ မြို့နယ်မှာ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်နေပါတယ်။