စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ဖမ်းဆီးခဲ့တဲ့ သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာက ဒေသခံအမျိုးသားတစ်ဦးကို မိသားစုတွေ ဆက်သွယ်လို့မရဘူးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရသူဟာ ကျွဲမင်းကုန်းရွာက အသက် ၄၀ ကျော်အရွယ် ဦးသီးရင်ဖြစ်ပါတယ်။
သူဟာအခုလ ၁၄ ရက်နေ့မနက်ပိုင်းက စစ်ဘေးရှောင်တွေကို ခေါ်ယူဖို့အတွက် ထားဝယ်မြို့ကနေ သရက်ချောင်းဘက်ကို ကားနဲ့ဆင်းလာချိန်မှာ သရက်နှစ်ခွရွာနဲ့ ပန်းပြင်ရွာကြားက ဥတ္တူတံတားစစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့တာပါ။
“ကားရောလူရောကို ဖမ်းသွားတာပါ။ အဖမ်းခံရတယ်လို့ နောက်တစ်ရက်ကြာမှ ကြားရတာ။ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာ ဘာမှမသိရဘူး” လို့ မိသားစုနဲ့နီးစပ်တဲ့သရက်ချောင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဦးသီးရင်ကို ဖမ်းဆီးပြီးနောက် သရက်ချောင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုထဲမှာ ချုပ်နှောင်ထားပြီး ရိုက်နှက်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့လည်း ကြားရကြောင်း ဒေသခံက ဆက်ပြောပါတယ်။
ဒါပေမဲ့ ဖြစ်စဉ် အတိအကျကိုတော့ အတည်မပြုနိုင်သေးသလို မိသားစုဝင်တွေနဲ့လည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ သိပါတယ်။
အခုလ ၁၀ ရက်နေ့ကလည်း သရက်ချောင်းရဲစခန်းစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရန်ကုန်- ထားဝယ် လိုင်းကား ပြေးဆွဲနေတဲ့ ကျွဲမင်းကုန်းရွာက NLD လက်ထက် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသက်ဝင်းကို ဖမ်းဆီးခဲ့ပါတယ်။