စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အမှတ် ၅ တပ်ရင်းက အခြေခံစစ်သင်တန်းပြီးမြောက်တဲ့ အမျိုးသမီးရဲဘော်တွေပါ စစ်ကောင်စီကိုတော်လှန်မယ့် တိုက်ပွဲတွေမှာ ပါဝင်သွားမယ်လို့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
ဇွန်လ ၂၆ ရက် မနက် ၇ နာရီခန့်က မုံရွာခရိုင်အမှတ် ၅ တပ်ရင်းက အမျိုးသမီးရဲဘော် ၁၀ ဦး ပါဝင်တဲ့ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်အာဏရှင်လုပ်ရပ်ကို မကြိုက်လို့ တော်လှန်ရေးထဲပါဝင်လာတာ။ ခုလည်း စစ်သင်တန်းလည်း ပြီးပြီးဆိုတော့ တပ်ရင်းတာဝန်ရှိသူတွေက ပေးအပ်လာတဲ့ တာဝန်အတိုင်း ထမ်းဆောင်ပြီး စကစကို ဆက်လက်တိုက်ပွဲဝင်သွားမယ်။ ခုဆို တော်လှန်ရေးအရှိန်လည်း မြှင့်လာပြီဆိုတော့ ပြည်သူတွေ ပိုပြီး ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ပါတယ်”လို့ မုံရွာခရိုင်အမှတ် ၅ တပ်ရင်းမှ အမျိုးသမီးရဲဘော်တဦးက ပြောပါတယ်။
သင်တန်းကာလမှာ ခက်ခဲကြမ်းတမ်းတဲ့ သင်ခန်းစာတွေကို စည်းကမ်းတကျလေကျင့်သင်ကြားခဲ့ရသလို အမျိုးသမီးတွေဖြစ်ပေမယ့် အခက်ခဲတွေကြားကနေ သင်တန်းပြီးမြောက်အောင် လေကျင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာခရိုင်အမှတ် ၅ တပ်ရင်းက ပြုလုပ်တဲ့ အမျိုးသမီးရဲဘော်တွေရဲ့ အခြေခံစစ်သင်တန်းကာလဟာ ၁ လဖြစ်ပြီး စစ်နည်းဗျူဟာဘာသာရပ်၊ အခြေခံစစ်ပညာ၊ သေနတ်ပစ်လေ့ကျင့်တာ၊ မြန်မာ့သိုင်းတွေကိုလည်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
“ခုလေ့ကျင့်ပေးတဲ့ အမျိုးသမီးရဲဘော်တွေက တပ်ရင်းက အကြောင်းအမျိုးမျိုးကြောင့် စစ်သင်တန်းမတက်ရသေးတဲ့သူတွေကို သင်တန်းပေးတာပါ။ အမျိုးသမီးတွေ ဆိုပေမယ့် လုပ်နိုင်စွမ်းရှိကြတယ်။ ခုတော်လှန်ရေးမှာကတော့ ကျား၊ မ မခွဲဘဲ စကစကို တိုက်နေကြတာပါ” လို့ မုံရွာခရိုင်အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
မုံရွာခရိုင်အမှတ် ( ၅ ) တပ်ရင်းမှတော့ ကျား၊ မ ခွဲခြားမှုမရှိဘဲ အားလုံးတန်းတူ အခွင့်အရေးရရှိပြီး အမျိုးသားတွေနည်းတူ ကဏ္ဍစုံမှာ တာဝန်ထမ်းဆောင်နေကြတယ်လို့ ဆိုပါတယ်။