စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စားဝတ်နေရေး ဒုက္ခရောက်နေကြသော ပြည်သူများကို မိုးကာ၊ စောင်နှင့် ရိက္ခာအချို့လှူဒါန်းခဲ့ကြောင်း ရေဦးမြို့ နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။
ရေဦးမြို့နယ် အနောက်ခြမ်းရှိ ဇဝရွာ၊ ရွာမိဿရွာ၊ မင်းမောင်းကုန်းရွာ၊ ကုန်းသာ ရွာ၊ ချမ်းသာရွာ၊ ရွာသစ်ရွာ၊ မကျည်းကုန်းရွာများမှ ပြည်သူများကို ၁၅ ပေပတ်လည်မိုးကာ အချပ်ရေ ၈၀ ၊ စောင်၊ အစားအသောက်အချို့နှင့်ငွေသားအနည်းငယ်ဆီတို့ကို မျှဝေကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲမှာနေကြရတာက အဘိုးအဖွားတွေ များတယ်ဗျ၊ ရွာထဲ ပြန်ဝင်နေဖို့ကလည်း အိမ်တွေ ပြန်မဆောက် နိုင်ကြသေးတော့ မနေကြသေးဘူး၊ တောထဲမှာ ဖြစ်သလိုနေနေကြရတာ၊ ညနေပိုင်းဆိုရင် မိုး၊ လေက အမြဲကျနေတော့ သက်ကြီးရွယ်အိုတွေအတွက် အနေအထိုင် အရမ်းဆင်းဆင်းရဲရဲ ဖြစ်နေရတယ်ဗျ၊ မီးဘေးသင့်တဲ့အိမ်တိုင်းစေ့မလှူနိုင်ခဲ့ဘူးဗျ၊ သက်ကြီးရွယ်အိုတွေရှိတဲ့မိသားစုတွေပဲ အဓိထားကူညီပေး နိုင်ခဲ့တယ်၊ အလှူရှင်တွေ အများကြီးလိုအပ်နေပါတယ်” ဟု ရေဦးမြို့ နယ် စစ်ရှောင်ပြည်သူထောက်ပံ့ ရေး အဖွဲ့မှ အမေ့သားက ပြော ကြားသည်။
ကျန်ရှိနေသော မီးဘေးသင့်မိသားစုများကိုလည်း ထပ်မံကူညီလှူဒါန်းပေးနိုင်ရန် ကြိုးစားနေပြီး မိဘ ပြည်သူများအနေဖြင့်လည်း တတ်နိုင်သမျှဝိုင်းဝန်းပါဝင်ကူညီလှူဒါန်းပေးစေလိုကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့မှ မေတ္တာရပ်ခံထုတ်ပြန်ထားသည်။