ကရင်နီ(ကယား)ပြည်နယ်၌ နယ်မြေရှင်းလင်းစဥ် စွန့်ပစ်ထားသည့် စစ်ကောင်စီတပ်သားရုပ်အလောင်းများတွေ့ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့သည့် နေရာများအား နယ်မြေရှင်းလင်းခဲ့ခြင်းဟု ၎င်းက ဆိုသည်။
“တပ်ရင်း လုံခြုံရေးအတွက်နေရာတော့ အသိမပေးလိုဘူး။ဒီအတိုင်းဖြစ်သလို စွန့်ပစ်ထားတဲ့ စကစ အလောင်းက မြေပေါ်မှာတင် ငါးယောက် ရှိတယ်။ နောက်ပြီး ကျောက်တုံတွေနဲ့ ဖိပြီးထားတဲ့ အလောင်းတွေပါ ကျန်သေးတယ်။စုစုပေါင်းဆို ၁၀ယောက်လောက်ရှိတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ရှင်းပြသည်။
ကရင်နီ(ကယား)ပြည်နယ် မိုးဗြဲ၊ဖယ်ခုံ အပါအဝင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကာ နှစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့သည့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတွင်မူ စစ်ကောင်စီတပ်များ ယခုလပိုင်းက ဆုတ်ခွာမှု ရှိခဲ့သည်။
“ဒေါတငူးတို့ တနီးလာလဲ တို့ဘက်မှာ တိုက်ပွဲမဖြစ်တာ သုံးလေးပတ်လောက်ရှိပြီ။အဓိကတော့ စကစ တပ်ရင်းတွေ ဘောလခဲကိုစစ်ကူဖြည့်လိုက်တာလည်းပါတယ်။ဒီးမော့ဆို အရှေ့ခြမ်းမှာ ဘယ်လောက်ကျန်မလဲတော့ မသိပေးးမယ့် ဘောလခဲဘက်ကို ၃၀၀ လောက်အင်အားထပ်ဖြည့်ထားတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ဒီးမော့ဆိုအရှေ့ခြမ်းကို စစ်ကောင်စီ၏ ခမရ (၅၁၆၊ ၅၁၅)နှင့် ခလရ(၁၂၊၁၄၊ ၈၀)ဖြင့် ကနဦး ထိုးစစ်ဆင်ခဲ့သည်။
နှစ်လကျော်ကြာ မေလ ၂၁ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ တပ်ရင်းလိုက်သေဆုံးမှုများရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်။
လက်ရှိတွင်လည်း ကရင်နီပြည်နယ်၊မယ်စဲ့မြို့ကို က ရင်နီပူးပေါင်းတပ်က ထိန်းချုပ်လိုက်ပြီးနောက် ဖားဆောင်း မြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်ဆဲ ဖြစ်သည်။