စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာတွင် သပိတ်ကော်မတီဝင်များက ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို ယနေ့ (ဇွန်လ ၂၇) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာသားကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီး သပိတ် ကော်မတီဝင်များက ပြည်သူများအနေဖြင့် “ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်”ဆိုသည့် စာသားအတိုင်း တော်လှန်ရေးမီးစာ အမြင့်ဆုံးသို့ မြှင့်တင်ကာ နိုင်ရာကဏ္ဌအသီးသီးမှ ပါဝင်တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြသည်။
ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသော်လည်း တော်လှန်ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ ဖော်ဆောင်လျက်ရှိသည်။