ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နှင့် ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)တွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ နေရာပြုလုပ်သွားခဲ့သည်ဟု သိရှိရသည်။
မူတြော်ခရိုင် ဒေဘူးနိုကျေးရွာရှိ မျိုးဆက်သစ်ကျောင်းနေရာကို ယနေ့ နံနက် (၇)နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက် နံနက် ၁၁နာရီ မိနစ် ၄၀ အချိန်တွင် ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်၊ ကနင်ကမော့ရွာအနီး၌ Mi35 စစ်သုံးရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါလေကြောင်းတိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ မူတြော်ခရိုင် ဒေဘူးနို မျိုးဆက်သစ်စာသင် ကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ကနင်ကမော့ ရွာအနီးတိုက်ခိုက်မှု ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ ကေအိုင်စီက ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ထိစပ်နယ်မြေ(မွန်ပြည်နယ်)ထဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနေ့စဉ်လိုလိုလုပ်ဆောင်လျက်ရှိပြီး ဇွန်လ ၂၅ရက်နေ့ ကလည်း ဝင်းရေးမြို့နယ် ထိစပ်နယ်မြေ( မွန်ပြည်နယ် ရေးမြို့နယ်) နှစ်ကရင်ကျေးရွာထဲကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြင် ၃၀၇ အမြှောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်တိုက်ခိုက် သည့်အတွက် အရပ်သား (၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကေအဲန်ယူ မူတြော်ခရိုင်၊ လူသောမြို့နယ် ဒေဘူးနိုကျေးရွာရှိ စာသင်ကျောင်းများကို စစ်ကောင်စီဘက်မှ ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မတ်လ ၂၇ရက်နေ့တွင်တစ်ကြိမ်၊ ၂၀၂၂ခုနှစ် မတ်လ ၂၇ရက်နေ့တွင် တစ်ကြိမ်တိုက်မှု ပြုလုပ်ခဲ့ပြီး ယခု ၂၀၂၃ခုနှစ် ဇွန်လ ၂၇ရက်နေ့တွင် တတိယအကြိမ် မြောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။