ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ခြေလျင်တပ်မဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး ခဲ့ကြောင်း HPA AN GUERILLA FORCE – HGF မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၉ မိနစ်ခန့်တွင် ဘားအံမြို့ရှိ ၂၄ နာရီ လုံခြုံရေး အပြည့်ယူထားသော အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ခြေလျင်တပ်မဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ၁ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၁ နာရီ ၃၈ မိနစ်ခန့်တွင် ဗုံးဆင်ထားသော ကားဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အမှတ် ၂၂ ခြေလျင်တပ်မ ဌာနချုပ်အတွင်းရှိ လုံခြုံရေးယူထားသော အကြမ်းဖက် စစ်သား ၂ ဦး ထိခိုက် သေဆုံးကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ခြေလျင်တပ်မ ဌာနချုပ်သည် ဘားအံမြို့နယ်အတွင်း ခံစစ်အသွင်ပြောင်း၍ ဌာနချုပ်အတွင်း စစ်သားများက ၂၄ နာရီအပြည့် လုံခြုံရေးယူထားသည့်ကြားမှ HPA AN GUERILLA FORCE – HGF မြို့ပြ ပြောက်ကျား တပ်ဖွဲ့က မြို့ပြ စစ်ဆင်ရေး အဖြစ် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း HGF မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။