တော်လှန်ရေးတပ်ဖွဲ့တွေမှာ လေယာဉ်ပစ်လက်နက်သာရှိပါက လေကြောင်းအားကိုးပြီး တိုက်နေရတဲ့ စစ်ကောင်စီတပ်ကို အပြတ်ဖြုတ်နိုင်မယ်လို့ CDF မင်းတပ်က ပြောပါတယ်။
မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ် ကျောက်ထုမြို့မှာ ဇွန် ၂၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့တိုက်ပွဲအပြီး CDF မင်းတပ်က အခုလိုပြောပြတာပါ။
“လေယာဉ်လာချိန်ရှောင်တယ် လေယာဉ်မလာတဲ့ချိန်ပြန်ဝင်တယ်။ လေယာဉ်ပစ်သေနတ်မရှိတာတောင် လက်ရှိ ရှိနေတဲ့သေနတ်တွေနဲ့ ကျွန်တော်တို့ ရဲဘော်တွေဟာအရဲစွန့်ပြီး ဂျက်လေယာဉ်ကိုပစ်တတ်ကြလေ့ရှိပါတယ်။ လေယာဉ်ပစ်သေနတ်သာရှိရင် ဖြုတ်နိုင်မယ်လို့အာမခံပါတယ်” လို့ ဆိုပါတယ်။
ကျောက်ထုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပြီးနောက် ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရတယ်လို့ Chin Defence Force – Mindat က ဆိုပါတယ်။
ကျောက်ထုမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က စစ်ကောင်စီယာဉ်တန်းဟာ ကျူးကျော်ဝင်ရောက်လာချိန် CDF မင်းတပ်က တိုက်ခိုက်လို့ ၁ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
CDF မင်းတပ်ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အများအပြားထိမှန်ခဲ့တဲ့အပြင် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့အတွက် စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ၇ ကြိမ်တိုင်တိုင်ဗုံးကြဲခဲ့တယ်လို့ Chin Defence Force – Mindat တာဝန်ရှိသူက ပြောပါတယ်။
“အဲဒီဂျက်လေယာဉ်သာစစ်ကူမလာခဲ့ရင် စစ်ကောင်စီအတွက် ထောက်ပို့လာတဲ့ ကားတွေလက်နက်တွေအားလုံးကို သိမ်းနိုင်တဲ့အထိဖြစ်သွားနိုင်တယ်” လို့ Chin Defence Force – Mindat တာဝန်ရှိသူက ပြောပါတယ်။
တော်လှန်ရေးအတွက် အခက်ခဲများစွာထဲက အလိုအပ်ဆုံးမှာ လက်နက်ခဲယမ်းဖြစ်ပြီး ရှိတဲ့လက်နက်တွေနဲ့ မစ်ရှင်အောင်တဲ့အထိ အကောင်အထည်ဖော်သွားကြတာချည်းပဲလို့ Chin Defence Force – Mindat တာဝန်ရှိသူက ပြောပါတယ်။
ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDF မင်းတပ်ဘက်က ရဲဘော်တစ်ယောက် အနည်းငယ်ထိခိုက်ရုံကလွဲပြီး အားလုံးဘေးကင်းကြောင်း၊ စစ်ကောင်စီဘက်ကတော့ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး အတည်မပြုနိုင်တဲ့ ထိခိုက်မှုများစွာရှိခဲ့တယ်လို့ သိရပါတယ်။