ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကို မနေ့က ဇွန်လ ၂၇ ရက်မှာ အင်းစိန်ထောင်တွင်း တရားရုံးက ထပ်တိုး ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ပါတယ်။
ဒဂုံတက္ကသိုလ် သတ္တဗေဒ ဒုတိယနှစ် ကျောင်းသူ မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ် ကနဦး ချမှတ်ထားတာဖြစ်ပြီး မနေ့က ပုဒ်မ ၅၂(က) နဲ့ ထပ်တိုး ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်လိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၇ နှစ်အထိ ရှိလာပြီလို့ ဆိုပါတယ်။
လက်ရှိ အင်းစိန်ထောင်မှာ မဝတ်ရည်အောင် ကို ချုပ်နှောင်ထားပြီး ထောင်တွင်း မတရားဖိနှိပ်မှု၊ နှိပ်စက်မှု၊ ကျန်းမာရေး စောင့်ရှောက် မပေးတာတွေ ခံစားနေရကာ စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားနေတယ်လို့ သမဂ္ဂက ပြောပါတယ်။
မဝတ်ရည်အောင် နဲ့အတူ မတရား ဖမ်းဆီးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ မသဉ္ဇာဇော် (ခ) မဇော် ထောင်ဒဏ် ၁၃ နှစ်နဲ့ ကိုစည်သူအောင်တင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားသလို ကိုရဲလင်းဦး (ရှေးဟောင်းသုတေသန – ဒုတိယနှစ်) ကို ပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၂(က) တို့နဲ့ ထောင်ဒဏ် စုစုပေါင်း ၁၀ နှစ်၊ ကိုနေထက်လင်း (သမိုင်း) ကို ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ ဒဂုံတက္ကသိုလ် ကျောင်းသား ကျောင်းသူ အများအပြားကို စစ်ကောင်စီက ဖမ်းဆီးထားရာ ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင် တို့ကို စစ်ခုံရုံးက သေဒဏ်ချမှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက မျက်ကွယ် သေဒဏ်ချမှတ်ထားတဲ့ ပြည်သူ ၄၂ ဦး အပါအဝင် သေဒဏ်ချမှတ် ခံထားရသူ စုစုပေါင်း ၁၅၇ ဦးအထိရှိပြီလို့ နိုင်ငံရေး အကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။