ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီး ဇွန်လ ၂၇ ရက်၊ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဇွန်လ ၂၇ ရက်၊ ည ၈ နာရီ ၃၅ မိနစ်ခန့်က ဝေဘာဂီလမ်းနဲ့ နှင်းဆီလမ်းထောင့်ရှိ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး လူထိခိုက်မှု မရှိဘူးလို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
“ပေါက်ကွဲမှု ဖြစ်ပြီးတော့ ရုံးအနီးနဲ့ (ဌ) ရပ်ကွက် အဝင်အထွက် လမ်းတွေကို ပိတ်လိုက်တယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်တယ်။ ဖမ်းဆီးခံရတဲ့ သတင်းတော့ မကြားမိဘူး။ ဒီရပ်ကွက်ထဲမှာတော့ စစ်တပ် ထောက်ခံပြီး အားပေးတဲ့ကောင်တွေရှိတယ်” လို့ သူကပြောပါတယ်။
(ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဟာ ရပ်ကွက်အရေး ဘာမှ ဆောင်ရွက်မှု မရှိပေမယ့် မြေကွက်ရိုက် ရောင်းစားတာ၊ အိမ်ရှင် အိမ်ငှား စာချုပ်ချုပ်ရာမှာ ဆယ်အိမ်မှူး ရာအိမ်မှူးတွေကို လက်မှတ်ထိုးခ ပေးရတာနဲ့ လူငယ်များကို အကြောင်းမဲ့ဖမ်းပြီး ပိုက်ဆံတောင်း ပြန်လွှတ်ပေးတဲ့ အလုပ်တွေကိုသာ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် မြောက်ဥက္ကလာပမြို့နယ်မှာ စစ်ကောင်စီ အလိုကျ ပြည်သူကို ညှဉ်းပန်း နှိပ်စက် ဖိနှိပ် ခြိမ်းခြောက်ပြီး အာဏာနေတဲ့ထဲမှာ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့က ထိပ်ဆုံး နေရာမှာ ရှိနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။