မြိတ်မြိုမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ ကုရ်ဘာနီ အီးဒ်ပွဲတော်ပြုလုပ်သူတချိူ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်က ဖမ်းဆီးငွေညှစ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ကုရ်ဘာနီပြုလုပ်တဲ့ ကန်ခေါင်းရပ်ကွက်၊စျေးတန်းရပ်ကွက်နဲ့ ပါရမီရပ်ကွက်နေ အနည်းဆုံးပြည်သူ ၅ ဦးခန့်ကို လာရောက်ဖမ်းဆီးပြီး ငွေညှစ်တောင်းခံခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
“နွားကို ဗလီမှာမသတ်ဘဲ နေအိမ်ခြံဝင်းမှာ သတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လာခေါ်သွားတာပါ။ဗလီမှာက နွားအကောင်ရေကများပြီး နေရာကျဥ်းတော့ အိမ်ပြန်ယူပြီး သတ်တဲ့သူတွေကို လာဖမ်းသွားတာပါ”လို့ အစ္စလာမ်ဘာသာဝင် အမျိုးသား တဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီးနောက် ပိုက်ဆံကျပ် ၂ သိန်းကနေ ၃ သိန်းအထိ ဒဏ်ရိုက်ခဲ့တယ်လို့လည်း ဖမ်းဆီးခံရသူနဲ့ ရင်းနှီးတဲ့ မြို့ခံတွေကပြောပါတယ်။
“အီးဒ်နေ့ကနေ သုံးရက်အတွင်း သတ်လို့ရပါတယ်။တချို့က ဗလီတွေမှာ သတ်သလို တချို့ကနေအိမ်ခြံဝင်းတွေမှာ သတ်ပါတယ်၊ဒါက နှစ်စဥ်လုပ်နေကျ အစဥ်အလာတခုပဲ”လို့ အစ္စလာမ်ဘာသာဝင် နောက်အမျိုးသားတဦးကပြောပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒုလ်အဿဟွာ လို့ခေါ်တဲ့ ဒီကနေ့မှာ သားကောင်များကို ဘာသာရေးပြဌာန်းချက်တွေနဲ့အညီ သတ်ပြီး ဆင်းရဲသားတွေကို လှူဒါန်းပွဲကို ကမ္ဘာတဝန်းလုံးရှိ ဘာသာဝင်တွေပြုလုပ်ကြတာဖြစ်ပါတယ်။