ဦးပိုင်ကုမ္ပဏီအရာရှိတွေပါလာတဲ့ ကား ၁၇ စီးပါ စစ်ကောင်စီယာဉ်တန်းဟာ အရှေ့တောဒေသကနေ ထားဝယ်မြို့ဘက်ကို ပြန်ထွက်လာချိန် မိုင်းဆွဲခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။
အဲဒီယာဉ်တန်းမှာ ကား ၁၇ စီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ဝန်းကျင်ပါဝင်ပြီး ဝကုန်းရွာထိပ်မှာ မနေ့က မွန်းလွှဲ ၂ နာရီဝန်းကျင်က မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။
“တိုက်မိုင်း ၂ လုံးနဲ့ဖောက်ခွဲခံရတာပါ။ သူတို့နဲ့အတူ ဦးပိုင်အရာရှိတွေလည်း တခါတည်းပါလာတယ်။ ထိခိုက်မှုတော့ အတိအကျမသိရသေးဘူး” လို့ ထားဝယ်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ အခုလ ၂၅ ရက်နေ့က ဟိန္ဒားသတ္တုတွင်း ကနေထွက်လာကြပြီး ကျောက်မဲတောင်နယ်မြေရဲစခန်းကို ရောက်ရှိနေကြတာဖြစ်ပါတယ်။
အဲဒီကတဆင့် မနေ့ကမနက်ပိုင်းမှာ ထီးခိီး-ထားဝယ် လမ်းအတိုင်း ထားဝယ်မြို့ဘက်ကို ထွက်ခွာလာကြတာဖြစ်ပါတယ်။ မနေ့ကညပိုင်းမှာတော့ ဝကုန်းရွာထဲမှာ ညအိပ်တပ်စွဲခဲ့ပြီး ပတ်ပတ်လည်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“လက်နက်ကြီးက ညပိုင်းတပိုင်းလုံးပဲ။ ပခပ်ရွာဘက်ကိုလည်းထုတယ်။ အချက်ရေဆိုရင် ဆယ်ကျော်မယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ သင်္ကန်းတုံးရွာက ဘုန်းကြီးကျောင်းကို ရောက်ရှိနေကြတယ်လို့ သိရပါတယ်။
အခုမိုင်းဆွဲခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အခုအလယ်ကတည်းက ထားဝယ်-ထီးခီးလမ်းအတိုင်း ဝင်ရောက်လာတာဖြစ်ပြီး လမ်းတလျှောက်မှာ အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
သူတို့ဟာ ဟိန္ဒားသတ္တုမိုင်းနဲ့ ဖောင်းတော ရေအားလျှပ်စစ်စီမံကိန်းတွေဆီကို ဝင်ရောက်လာတာပါ။
စစ်ကောင်စီတပ်သားနဲ့ဦးပိုင်အရာရရှိတွေ ရောက်မလာခင်မှာပဲ ဖောင်းတောရွာရေအားလျှပ်စစ်စက်ရုံဟောင်းနဲ့ ဘတ်ဖိုးကားတွေ မီးရှို့ခံခဲ့ရပါတယ်။