ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ အင်းလျားကန် အနီး၊ ပြည်လမ်းနဲ့ အင်းလျားလမ်း ထောင့်မှာ Mask အမဲတပ်ပြီး အမဲရောင် ဝတ်ဆင်ထားတဲ့ လူငယ် ၂ ဦးကို စစ်တပ်က အနီးရှိ ဘန်ကာ အတွင်း ခေါ်ယူကာ ကန်ကျောက် ထိုးကြိတ် ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးကပြောပါတယ်။
ဇွန်လ ၂၈ ရက်၊ ညနေ ၆ နာရီကျော်က အဆိုပါ လူငယ် ၂ ဦးကို ဘန်ကာ အတွင်း ခေါ်ယူ ထိုးကြိတ်ပြီးနောက် ည ၇ နာရီကျော်မှာ Hondafit ကားနဲ့ တင်ဆောင် ဖမ်းဆီးသွားရာ ဘယ်ကို ခေါ်ဆောင်သွားလဲ ဆိုတာတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
“အဲ့လို အမဲရောင်ဝတ်ရင် ဖမ်းပြီး စစ်မေးနေကြ။ လူငယ်ဆို အမျိုးသမီး၊ အမျိုးသား အကုန်လုံးကို စစ်တာ။ အဲ့ကလေး ၂ ယောက်လည်း သူ့ဘာသာ သွားလာနေတာကို ဘန်ကာထဲ ခေါ်ပြီးရိုက်တာ။ ထိုးလိုက် ကန်လိုက် လုပ်နေတာတွေ မြင်ပေမယ့် မကယ်လိုက်နိုင်ပါဘူး။ ဘန်ကာ အထဲမှာ တစ်နာရီလောက်ကြာမှ ကားနဲ့ လာခေါ်သွားကြတာ” လို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။
အလားတူ မနေ့ည ၈ နာရီ မိနစ် ၂၀ ဝန်းကျင်က တက္ကသိုလ်ရိပ်သာလမ်းနဲ့ ပြည်လမ်းဆုံရာ အများပြည်သူသုံး သန့်စင်ခန်း ရှိတဲ့ဘက်မှာ စစ်သား၊ ရဲနဲ့ ယာဉ်ထိန်းရဲတွေ ပေါင်းပြီး ဖြတ်သွားဖြတ်လာ လူငယ်တွေရဲ့ ဖုန်းနဲ့ အိတ်တွေ စစ်ဆေးခဲ့ပါသေးတယ်။
ဒါ့အပြင် အမှတ် (၃) ရပ်ကွက်၊ လှည်းတန်လမ်းမ၊ AA Medical ရှေ့မှာ စစ်ကောင်စီတပ်က လူငယ် လူရွယ် ကျား/မ မရွေး ဖုန်းနဲ့ အိတ်တွေကို စစ်ဆေးခဲ့ရာ လမ်းတစ်ဖက်က လူများကိုပါ ခေါ်ယူ စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ဖမ်းဆီးတာ မတွေ့ရဘူးလို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။