ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးပေါ်ဒေသရှိ နာမည်ကျော် စီစီဝမ်တာပန် တောင်ကြောမှာ ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့၊ ညနေ ၃ နာရီခွဲကျော်က စပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၉၈၆ ခုနှစ် နှောင်းပိုင်း၊ ဦးနေဝင်းရဲ့ မဆလ အုပ်ချုပ်ရေး ကာလ စစ်တပ်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့ ဖြစ်ပွားခဲ့တဲ့ စီစီဝမ်တာပန် တိုက်ပွဲဟာ နှစ်ဖက် အကျအဆုံးများတဲ့ ကမ္ဘာကျော်တိုက်ပွဲ ဖြစ်ခဲ့တာပါ။
“ကိုးကန့်နဲ့ စစ်ကောင်စီ။ နောက်တကြိမ်တောင် ပြန်ချနေကြပြီ။ လက်နက်သေးတွေ တရစပ် ပစ်နေတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
လက်ရှိ နွားလဘို့တောင်နဲ့ စီစီဝမ်တာပန် တောင်ကြော တစ်လျှောက် အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ သူက ပြောပါတယ်။
“လက်နက်ကြီး ပစ်တာ ၁၀ ကြိမ်လောက် ရှိပြီ။ ခုလည်း အသံ ကြားနေရတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဒေသခံ အများအပြား ကတော့ မိုးဦးကာလ စပါး ပျိုးနှုတ်နေကြတာဖြစ်ပြီး တိုက်ပွဲတွေ ပိုမို ပြင်းထန်လာမှာကို စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။
“ကျနော်တို့ စပါးပျိုးနှုတ်နေတာ။ သေနတ်သံတွေ ကြားနေတယ်။ စီစီဝမ်တောင်ခြေဘက် ထင်တယ်” လို့ ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။
အဲဒီ ဒေသမှာ တိုက်ပွဲ မဖြစ်တာ လအနည်းငယ် ကြာပြီဖြစ်ပြီး ဒီနေ့မှ ပြန်ဖြစ်လာတာလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့၊ ညပိုင်းမှာ စီစီဝမ်တာပန်တောင်ရှိရာ မိုင်ဖန်ရွာထိပ်မှာ စစ်ကောင်စီတပ် နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ညီနောင် မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ ကိုးကန့် MNDAA ၊ TNLA ၊ SSPP/SSA တို့အပြင် KIA အဖွဲ့လည်း လှုပ်ရှားနေတာ ဖြစ်ပါတယ်။