တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ရွာထဲကစစ်ဘေးရှောင်သွားသူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီနေ့ညနေ ၅ နာရီမတိုင်ခင်လောက်မှာ နှစ်ဖက် ပစ်ခတ်သံတွေကြားရပြီး နောက်စစ်ကောင်စီဘက်က ဘန်းလမွတ်ရွာ ကျောင်းကုန်းအပိုင်းက နေအိမ်တွေကိုမီးရှို့ခဲ့တာလို့ သိရပါတယ်။
“အခုညနေ ၆ နာရီလောက်မှာတော့ အိမ် ၃ လောက်ရှို့ခံထားရပြီလို့ကြားတယ်။ မီးခိုးတွေလည်းထွက်နေသေးတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်နဲ့ နှစ်ဖက်ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အဲဒီနောက်ပိုင်းမှာတော့ ပစ်ခတ်သံတွေမကြားရတော့ဘူးလို့လည်း ဒေသခံကဆိုပါတယ်။
ဘန်းလမွတ်ကျေးရွာက ဒေသခံတွေကတော့ တစ်ရွာလုံးစစ်ဘေးရှောင်နေရတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေကတော့ ရွာမှာတပ်စွဲထားတယ်လို့ သိရပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး နေ့ရောညပါလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
အခုလ ၂၈ ရက်နေ့ကလည်း သူတို့ပစ်ခတ်တဲ့လက်နက်ကြီးကျည်တချို့ အနောက်မော်တုန်းရွာက စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။