ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေး အထူးတိုးမြှင့်ထားပြီး ဖုန်းလိုင်းတွေ ဒီကနေ့ ဇွန်လ ၃၀ ရက်အထိ ဆက်လက် ဖြတ်တောက်ထားတယ်လို့ BPDF တာဝန်ခံ မရွှန်းလဲ့က ပြောပါတယ်။
ဒါ့အပြင် လွိုင်ကော်မြို့ပေါ်မှာ တင့်ကား၊ သံချပ်ကာကားတွေ အပါအဝင် စစ်အင်အား အလုံးအရင်းနဲ့ အင်အားပြ ကင်းလှည့်နေတယ်လို့ သူကပြောပါတယ်။
“လက်ရှိကတော့ မြို့ပေါ်ထက် မြို့တွင်း အဝင်အထွက်လမ်းတွေ အကုန်ပိတ်ထားတယ်။ မြို့တွင်းက ရဲဘော်တွေနဲ့ ဆက်သွယ်ပြီး အခြေအနေ အတိအကျ သိနိုင်ဖို့ကလည်း ဖုန်းလိုင်းတွေက မရဘူးလေ။ သူတို့ မိုင်တဲ ဖုန်းလိုင်း ရတယ်ဆိုပေမဲ တစ်ခါတလေဆို မိုင်တဲလည်း မရဘူး။ တင့်ကားတွေနဲ့လည်း မြို့ပေါ်မှာ အင်အားပြတဲ့ အနေနဲ့ ကင်းကလည်း လှည့်နေသေးတယ်” လို့ မရွှန်းလဲ့က ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ လေးဘီးတပ် တင့်ကားတွေနဲ့ သံချပ်ကာ ကားတွေ အသုံးပြု ကင်းလှည့်နေတာ ၅ ရက်ခန့် ရှိနေပြီလို့ ဒေသခံ တစ်ဦးက အတည်ပြု ပါတယ်။
“တင့်ကားနဲ့ သံချပ်ကာ ကားတွေက တောက်လျှောက်ပတ်နေတာ၊ များသောအားဖြင့် ကတော့ သံချပ်ကာကား ပတ်တာ များပါတယ်။ ကျွန်တော့် စိတ်ထင် တစ်ခုခုကို ဖုံးကွယ်ချင်နေတာလား မသိဘူး။ ပုံမှန်ဆို စစ်သား ၅ ယောက် တစ်ဖွဲ့လောက်နဲ့ ခွဲပတ်ကြတာ။ အခုက ကားတွေနဲ့ပဲ ပတ်တော့တယ်။ လမ်းမှာ တွေ့လို့ သူတို့ မသင်္ကာတဲ့ သူဆို ချက်ချင်း ဖမ်းစစ်တာပဲ။ သံချပ်ကာကား ၅ စီးလောက်က မနက် ၁၀ နာရီ၊ မွန်းလွဲ ၂ နာရီနဲ့ ၄ နာရီ ၊ ညနေ ၆ နာရီဆိုပြီး ၄ ကြိမ်လောက်ပတ်တယ်။ လမ်းကြောင်းက ၂ ကြောင်းဆိုတော့ ၁၀ စီးပေါ့” လို့ သူကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီရဲ့ မူမမှန်တဲ့ စစ်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပေမဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် စကားပြောစက်တွေကို စစ်တပ်ဘက်က ထောက်လှမ်းနေတာကြောင့် အခြေအနေ အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
လွိုင်ကော်မြို့ဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ ပင်လောင်း ဒေသတွေရဲ့ အလယ်မှာ ရှိနေတာကြောင့် စစ်တပ် ခြေကုပ်စခန်း အဖြစ် ကရင်နီပြည်နယ်ထဲ စစ်အင်အား ဖြည့်တင်းနိုင်တဲ့ မြို့ဖြစ်တယ်လို့ စစ်ရေး လေ့လာသူ တစ်ဦးက သုံးသပ်ပါတယ်။
အခုလို လွိုင်ကော်မြို့ထဲကို စစ်ကောင်စီတပ် အလုံးအရင်း ဝင်လာတာ၊ သံချပ်ကာကား၊ တင့်ကား စတဲ့ တိုက်ခိုက်ရေးယာဉ်တွေ ဝင်လာတာကြောင့် မြို့ကို စစ်တပ် နောက်တန်း စခန်း အဖြစ် အသုံးပြုမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
နေပြည်တော်ကို စစ်ရေးအရ တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ ကရင်နီပြည်နယ်မှာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှု များနေတာကြောင့် အတွင်းက ဖောက်တိုက်တဲ့ စစ်ရေးဗျူဟာ အသွင်ကို ပြောင်းလာနိုင်တယ်လို့ လွိုင်ကော် PDF တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပါတယ်။