ကရင်နီ(ကယား)ပြည်နယ်၊ရွာသစ်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်ရဟတ်ယာဥ်တစ်စီးကို ကရင်နီပူးပေါင်းတပ်များကပစ်ချနိုင်ခဲ့ကြောင်း ကရင်နီစစ်ဖက်ရေးရာ သတင်းရင်းမြစ်များက ပြောသည်။
ယနေ့နံနက် ၁၁ နာရီခန့်က ဘော်လခဲ မြို့နယ် ရွာသစ်မြို့နယ်ခွဲ၏ သံလွင်မြစ်ဘေးရှိ တောင်ဆားလဲ ကျေး ရွာ၌ စစ်ရဟတ်ယာဥ်ပျက်ကျခြင်းဟု ဆိုသည်။
“သတင်းက သေချာသလောက်ရှိတယ်။ဒါပေမယ် လွိုင်ကော်ကနေ ရဟတ်ယာဥ် သုံးစီးနဲ့ တိုက်လေယာဥ်တစ်စီးက ပျက်သွားတဲ့နေရာကို ဝန်းရံထားလို့ မြေပြင်ဓာတ်ပုံ မရ နိုင်သေးတာ။နောက်ပြီး တိုက်ပွဲကလည်းဆက်ပြင်းထန်နေတယ်”ဟု မြေပြင်ရှိ ကရင်နီ တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူက စစ်ကောင်စီရဟတ်ယာဥ်ပျက်ကျမှုကိုအတည်ပြုသည်။
လက်ရှိ ရွာသစ်မြို့နယ်၊ဖားဆောင်းမြို့နယ်တို့တွင် လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကာ စစ်ကောင်စီက တပ်ရင်း လေးခု အထိ အသုံးပြု ထိုးစစ်ဆင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“လေယာဥ်ပျက်ကျတာတော့ ထပ်အတည်ပြုဖို့ လိုပါဦးမယ်။ရာခိုင်နှုန်းအရဆို အမှန်က ၈၀ ပေါ့ ။တိုက်ပွဲက တော့ သူတို့ ဘက်က ထိုးစစ်ဆင်နေတယ်လို့ပဲပြောရမယ်”ဟု ကရင်နီတပ်မတော် KA နှင့်နီးစပ်သူက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကလည်း စစ်တပ်ရဟတ်ယာဥ်တစ်စီးကိုပစ်ချ၍ ပျက်ကျသည်ဆိုသောသတင်းပေးချက် ဝင်ထားပြီးထပ်မံအတည်ပြုနေဆဲဖြစ်ကြောင်းပြောသည်။
တိုက်ပွဲတွင်ရဟတ်ယာဥ်ကိုပစ်ချပြီး ထိမှန် ပျက်ကျသွားသည်မှာလည်းမှန်သော်လည်း ပျက်ကျရာနေရာသည် ချက်
ချင်းသွားရောက်အတည်ပြုရန် ခက်ခဲနေသေးသဖြင့် အထောက်အထားများမပြသနိုင်သေးခြင်းဖြစ်ကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့များ သိမ်းယူထားသည့် ကရင်နီပြည် မယ်စဲ့မြို့နယ် ပန်တိန်းဒေသရှိ နယ်ခြားစောင့် ( BGF ) ၁၀၀၄ တပ်စခန်းနှင့် ရွာသစ်မြို့ စွတ်ပိုင်ဒေသရှိ ၁၀၀၅ တပ်စခန်းနေရာကိုပြန်လည်သိမ်း ပိုက်ရရှိခဲ့ကြောင်း စစ်ကောင်စီက ယခုလ ၂၈ ရက်က ထုတ်ပြန်ထားသည်။သို့သော် စစ်ကောင်စီ ကထုတ်ပြန်သောသတင်းဓါတ်ပုံတွင်နေရာ တစ်နေရာတည်းတွင် ရှုထောင့်မတူအောင် စစ်သားနှစ်ဖွဲ့ခွဲရပ်ထားပြိးရိုက်ထားသောပုံဖြစ်ပြီး အမှန်မှာစခန်းတစ်ခုတည်းဖြစ်ကြောင်း သတင်းဓါတ်ပုံကိုသေချာလေ့လာသူများကထောက်ပြထားကြသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိ နှင့် စစ်သည် သေဆုံးမှုရှိခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဇွန်လ ၁၃ ရက်နေ့က စ၍ ရွာသစ်မြို့နှင့် မယ်စဲ့မြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က သိမ်းယူခံရသောစခန်းများကို ပြန်လည်ရရှိရန် လေကြောင်း ၊ကြည်းကြောင်းမှ ထိုးစစ်ဆင်နေပြီးယခုအခါ ရွာသစ်နှင့် မယ်စဲ့ မြို့ အတွင်းတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။