ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရဲစခန်းနှင့် လောင်းကစားဝိုင်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇူလိုင်လ ၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် လက်ပံတန်းမြို့အနောက်ခြမ်း၊ အောင်မင်္ဂလာကျေးရွာရှိ ဇီးဖြူကုန်းရဲစခန်းနှင့် ဇီးဖြူကုန်း မီးရထားဘူတာအနီးရှိ လောင်းကစားဝိုင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုအတွင်း ဇီးဖြူကုန်း ရဲကင်းမှ နယ်ထိန်း အောင်ခိုင်၊ ရဲတပ်သား သန်းဇော်ဦး၊ အမည်မသိ ရဲတပ်သား ၁ ဦးနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ရဲ၊ ပျူစောထီး အလောင်းများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ဇီးဖြူကုန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
“ညက လောင်းကစားဝိုင်းကို အရင်ဝင်ပစ်တာ အဲ့မှာရှိနေတဲ့ ရဲ ၃ ဦး နဲ့ ပျူစောထီး ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးတယ် ပြီးမှ ရဲစခန်းကို ဝင်ပစ်တာ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာကို စစ်ကား ၁ စီး ရောက်ရှိလာပြီး ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဇီးဖြူကုန်းစျေးကိုလည်း ပိတ်ထားပြီး အခင်းဖြစ်ပွားသည့် အောင်မင်္ဂလာလမ်းနှင့် ဆေးရုံအနီးကိုလည်း လမ်းပိတ်ထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။