အကြမ်းဖက်စစ်တပ်က ပြည်သူတွေနေအိမ်ကို မီးရှို့ဖျက်ဆီးလျက်ရှိရာ ပြီးခဲ့တဲ့ ဇွန်လအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ မီးရှို့ဖျက်ဆီးမှုက ၉၃ ကြိမ်အထိ ရှိထားပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၇၉ ကြိမ်နဲ့ အများဆုံး ခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနရဲ့ စားရင်းပြုစုထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းမှာ မီးရှို့ခံရမှု ၇၉ ကြိမ် ၊ မီးလောင်ပျက်စီးတဲ့နေအိမ် ၂၅၁၁ လုံး၊ မီးရှို့သတ်ဖြတ်ခံရသူ ၉ ဦး တို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။
မကွေးတိုင်းအတွင်းမှာ မီးရှို့ခံရမှု ၃ ကြိမ် ၊ မီးလောင်ပျက်စီးတဲ့နေအိမ် ၇၇ လုံး ၊ မန္တလေးတိုင်းအတွင်းမှာ မီးရှို့ခံရမှု ၂ ကြိမ် ၊ မီးလောင်ပျက်စီးတဲ့နေအိမ် ၁၀ လုံး ၊ ကချင်ပြည်နယ်မှာ မီးရှို့ခံရမှု ၂ ကြိမ် ၊ မီးလောင်ပျက်စီးတဲ့နေအိမ် ၁၀ လုံး ၊ရှမ်းပြည်နယ်မှာ မီးရှို့ခံရမှု ၂ ကြိမ် ၊ မီးလောင်ပျက်စီးတဲ့နေအိမ် ၄၀ လုံး ၊တနင်္သာရီတိုင်းမှာ မီးရှို့ခံရမှု ၅ ကြိမ်၊ မီးလောင်ပျက်စီးတဲ့နေအိမ် ၁၄ လုံး ရှိတယ်လို့ ဖော်ပြထားပါတယ်။
မီးရှို့ဖျက်ဆီး ခံရတဲ့ အထဲမှာ စာသင်ကျောင်း ၃ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ ၄ လုံး ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
အခုဖော်ပြထားတဲ့ အချက်အလက်တွေက လွတ်လပ်တဲ့ သတင်းမီဒီယာများ ၊ အရပ်ဖက်အဖွဲ့စည်းများရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်မှာရှိတဲ့ ပြည်သူလူထုက ပေးပို့တဲ့ သတင်းအချက်အလတ်တွေကို စိစစ်ဖော်ပြတာဖြစ်တယ်ဆိုတာနဲ့ မြေပြင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေက ပိုပြီးတော့ များပြားနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။