မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာ ၁ ပါး ထိခိုက် ဒဏ်ရာရပြီး ဘုရားစေတီနှင့် ကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် သိမ်ဇရပ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်နှင့် ဝင်းကလော လမ်းဆုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများ ဆောင်နိုင်ကြီးကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး သံဃာ ၁ ပါး ထိခိုက် ဒဏ်ရာရကာ ဘုရားစေတီနှင့် ကျောင်း အဆောက် အအုံများ ပျက်စီးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲမရှိဘူး။ ပြေးနေကြရတယ်။ စစ်ကြောင်းလာလို့ ပြေးရတာ မဟုတ်ဘူး။ လက်နက်ကြီးထုတော့ ထိမှာစိုးလို့ ပြေးနေကြတာ နောက်ပြီး သိမ်ဇရပ် ခမရ ၂၀၇ တပ်ထဲကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးရောက်နေတယ်” ဟု Kyaikhto Information Team ၏ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ကျိုက်ထို ၊ ဘီးလင်းရှိ KNLA တပ်မဟာ ၁ ထိန်းချုပ်ရာ နေရာများကို လေယာဉ်နှင့် ဗုံးကျဲမည်ဟူသည့် သတင်းများ ဇူလိုင်လ ၂ ရက်နေ့ည ပိုင်းမှ စတင်၍ ပျံ့နှံ့နေ၍ ပြည်သူများ ကြောက်လန့်နေကြကြောင်း သိရသည်။