ရေဖြူမြို့နယ်ထဲက ကံပေါက် – ကလိန်အောင် လမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့မနက်အစောပိုင်းကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းတလျှောက်မှာရှိတဲ့ သစ်တောရုံးလမ်းဆုံနဲ့ ဂန့်ဂေါ်တောင် စာသင်ကျောင်းရှေ့တို့မှာ မနက် ၆ နာရီလောက်ကစလို့ စစ်ကောင်စီတပ်သားတွေက ပိတ်ဆို့ထားလိုက်တာပါ။
“အကုန်ပြန်လှည့်ခိုင်းနေတယ်။ ခရီးသည်ကားတွေရော စျေးသည်ကားတွေ၊ ဆိုင်ကယ်တွေရောပဲ။ နေရာတစ်ခုမှာ ကားတစ်စီးရှိတယ်။ အခုထိဘာမှ သွားလို့မရသေးဘူး” လို့ ကံပေါက်ဒေသခံတစ်ဦးက ဒီနေ့မွန်းလွဲ ၁ နာရီခွဲမှာပြောပါတယ်။
နောက်ထပ် စစ်ကောင်စီကား ၄ စီးဟာလည်း ကံပေါက်ကနေ ကလိန်အောင်ဘက်ထွက်ခွာသွားပြီး လမ်းတလျှောက်မှာ ပိတ်ထားတယ်လို့သိရကြောင်း ဒေသခံက ဆက်ပြောပါတယ်။
အဲဒီလိုပိတ်ဆို့ထားတာကြောင့် ကံပေါက်ကနေ ကလိန်အောင်မြို့ဘက်ကိုသွားမယ့် စျေးသည်သုံးဘီးဆိုင်ကယ်တွေ ပိတ်မိနေပြီး စျေးရောင်းလို့မရဘဲ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဆိုင်ကယ်ဈေးသည်တွေက ကံပေါက်ဈေးမှာ ဝယ်ပြီး ကလိန်အောင်၊ ကျောက်ရှပ်ဘက်တွေကို လှည့်လည်ရောင်းချကြတာပါ။
စျေးသည်တချို့က ရောင်းကုန်ထဲမှာ အသားတွေ၊ ငါးတွေလည်း ပါနေတဲ့အတွက် အမြန်သွားရောင်းဖို့ လိုနေတယ်လို့ ဒေသခံကပြောပြပါတယ်။
ပြီးခဲ့တဲ့လ ၂၉ ရက်နေ့ကလည်း ကံပေါက် – ကလိန်အောင်လမ်းပိုင်းကို မနက်စောစောကနေ ညနေပိုင်းအထိ ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့ပြီး နေ့လည်ဘက်မှာ နာရီပိုင်းသာ သွားခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က လမ်းပိတ်တာမျိုးမရှိပေမယ့် လမ်းပေါ်မှာ နေ့တိုင်းနီးပါး အစစ်အဆေးတင်းကြပ်နေခဲ့တာပါ။
အဲဒီလိုအစစ်အဆေးတင်းကြပ်တာနဲ့ လမ်းပိတ်ဆို့တာတွေကို ကံပေါက်အခြေစိုက် မောရဝတီရေတပ်က စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း ထွက်ပြေးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ အရင်လ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ကလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။