ရက္ခိုင့်တပ်တော် ULA/AA ၏ အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) ကို ရခိုင်ပြည်အတွင်း ထိန်းချုပ်နယ်မြေတစ်နေရာမှာ ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော်၏ အရာရှိလောင်းလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) နှင့် (၂) ကို မဟာမိတ် ကချင်ပြည်နယ်တွင် ပြုလုပ်ခဲ့ပြီး အမှတ်စဉ် (၃) ကို ရခိုင်ပြည်တွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ သင်တန်းသူ၊ သင်တန်းသား ၃၂၆ ယောက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့သည်။
ရက္ခိုင့်တပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကိုလည်း ၉ နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် သင်တန်းသူ၊ သင်တန်းသား ၁၃၈ ဦးဖြင့် ကချင်ပြည်၌ စတင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
အဆိုပါ အရာရှိသင်တန်းကျောင်းကို အနာဂတ်ရက္ခိုင့်တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး စသည့်ရည်မှန်းချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဟု ပြောသည်။
သိုသော်လည်း စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေများကြောင့် မိမိတိုမျှော်မှန်းချက်ထားသော အနေအထားသို ပြည့်မီစွာ ရောက်ရှိနိုင်ခြင်း မရှိခဲ့သော်လည်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို အခွင့်ရလျှင်ရသလို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဆိုသည်။
ဆက်လက်ပြီး အရာရှိဖြစ်သင်တန်း အမှတ်စဉ် ၄ ကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ၊ ပြည်သားများအား အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းပြည်တာဝန် ထမ်းဆောင်လိုကြသောသူများ၊ အနာဂတ် ရက္ခိုင့်တပ်တော်တွင် တာဝန်ယူလိုကြသောသူများ လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာ စစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေးလုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်းလည်း အသိပေးထားသည်။