ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA ) ဌာနချုပ် လိုင်ဇာခရိုင်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေ သွားလာရေးနဲ့ လုံခြုံရေးအတွက် အထူးဂရုပြုဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက ဇူလိုင် ၄ ရက် ဒီနေ့ ရက်စွဲနဲ့ သတိပေး ထုတ်ပြန်လိုက်ပါတယ်။
မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက် ခရီးသွားလာတာကို တတ်နိုင်သလောက် သတိထား ရှောင်ရှားဖို့နဲ့ မဖြစ်မနေ သွားလာဖို့ လိုအပ်လာရင် စစ်ရေးအခြေအနေ စောင့်ကြည့်လေ့လာပြီးမှသာ သွားလာကြဖို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူအားနဲ့ဖြစ်စေ၊ ပစ္စည်းတွေနဲ့ဖြစ်စေ ပါဝင်ကူညီပတ်သက်ခြင်း မပြုလုပ်ကြဖို့လည်း ကေအိုင်အေက တိုက်တွန်းပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးကပ်တဲ့ နေရာတွေကို သွားလာလှုပ်ရှားတာနဲ့ တိုက်ပွဲဖြစ်ပွါးနေတဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွါးနိုင်တဲ့နေရာတွေကို သွားလာတာ သတိထား ရှောင်ကြဉ်ကြဖို့လည်း သတိပေးထားပါတယ်။
မြစ်ကြီးနား-ဗန်းမော်ကားလမ်းမှာ ဇူလိုင်လဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးနေပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်ပါတယ်။