မကွေးနှင့် ချင်းပြည်ဝင်ပေါက် နယ်စပ်မြို့ဖြစ်သော ကန်ပက်လက်မှာစစ်ကောင်စီကို ဆီးကြိုတိုက်ထုတ်နေသော Chin Defence Force -Kanpetlet တပ်ဖွဲ့များအတွက် အရေးပေါ်ကျည်လိုအပ်နေသည်ဟု သိရသည်။
ကန်ပက်လက်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သာမန်ထက် ၃ ဆခန့်ကုန်ကျစရိတ်မြင့်တက်နေပြီး အခက်ခဲဆုံးမှာ ကျည်မဖြည့်တင်းနိုင်မှုဖြစ်ကြောင်း Chin Defence Force -Kanpetlet ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“မိုးတွင်းကာလဖြစ်နေတော့ ရိက္ခာသယ်ယူတာလည်း ခက်ခဲတယ်။ အခက်ခဲဆုံးကတော့ ကျည်မဖြည့်တင်းနိုင်မှုဘဲ” ဟု Chin Defence Force -Kanpetlet ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့ပြင် မိုးတွင်းကာလဖြစ်သဖြင့် ရာသီတုပ်ကွေးများလည်း ဖြစ်ပေါ်နေသော်လည်း ရဲဘော်များခံနိုင်ရည်ရှိကြကြောင်း၊ သို့သော်လည်း မိုးကာလည်း အလွန်လိုအပ်လျက်ရှိသည်ဟု သိရသည်။
မကွေးမြို့ကို ဖြတ်ကျော်ကာကုန်းကြောင်းဖြင့် ချင်းပြည်နယ်ကိုဝင်ရောက်ရန်အတွက် ကန်ပက်လက်မြို့ကို မဖြစ်မနေ ဖြတ်သန်းရာမှာဖြစ်သောကြောင့် မြို့တွင်းပတ်လည်မှာ အချိန်ပြည့်ရဲဘော်များကို နေရာယူခိုင်းထားသည့်အပြင် မကွေးဘက်က PDF တပ်များနှင့်လည်း အချိတ်အဆက်ပြုလုပ်ထားကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
“မကွေးမြို့အခြေစိုက် PDF တွေနဲ့ အတူတူပူးပေါင်းပြီး တိုက်ပွဲဆင်နွှဲတာတွေလည်း လုပ်တယ်။ အခုလောလောဆယ်တော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမလာသေးဘူး။ ကျွန်တော်တို့ဘက်ကလည်း ကျည်အခက်အခဲကြောင့် ကျင်ဒွေးမြို့က စစ်ကြောင်းတစ်ကြောင်းနဲ့ မကွေးတိုင်းနယ်စပ်က စစ်ကြောင်းတစ်ကြောင်းကို ရုတ်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ၌ ကျည် ၅၀၀၀ ဖြည့်တင်းနိုင်ရန် တော်လှန်သူ့ ကင်မရာ ကင်ပိန်းပြုလုပ်ထားပြီး အကူအညီဆက်လက်လိုအပ်နေဆဲဖြစ်သဖြင့် ပြည်သူများ ပါဝင်ကူပေးကြရန်လည်း Chin Defence Force -Kanpetlet က တိုက်တွန်းထားသည်။