ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ CDM/ Non-CDM စုံစမ်းစစ်ဆေးရေးကော်မတီ၏ ပညာရေးဌာနမှဝန်ထမ်းများသည် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် Non-CDM (၃၂၂)ဦးအား အမည်နှင့် ရာထူးတကွ ဖော်ပြပြီး အမည်ပျက်ဝန်ထမ်းများအဖြစ် ကြေညာထားသည်။
ကြေညာထားသည့် Non-CDM စာရင်းတွင် မြို့နယ်ပညာရေးမှူး၊ဒု-မြို့နယ်ပညာရေးမှူးနှင့် ဒုဦးစီးမှူးတို့ပါဝင်ပြီး၊ ၎င်းတို့ကြေညာထားသည့်အထဲတွင် CDM ဝန်ထမ်းများရှိပါက ခိုင်လုံသော သက်သေအထောက်အထားဖြင့် CDM/ Non- CDM စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိကြောင်း သိရှိရသည်။
ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းသော ကန်ပက်လက်မြို့နယ်၊ ဌာနဆိုင်ရာအသီးသီးမှ Non-CDMများကို အမည်ပျက်စာရင်းတွင် ထည့်သွင်း၍ ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။
ထို့အပြင် ကန်ပက်လက်မြို့နယ်အတွင်းရှိ Non-CDM များအနေဖြင့် စာသင်ဝိုင်း၊ ကျူရှင်၊ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခြင်းနှင့် သင်ကြားရေးလုပ်ငန်းများတွင် လုံးဝပတ်သက်ခြင်းမပြုရန် သတိပေးထုတ်ပြန်ထားပြီး၊ ယင်းထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိသော Non-CDM ဝန်ထမ်းများအား ထိရောက်စွာ အရေးယူမည်ဟုလည်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားသည်။