စစ်ကိုင်းတိုင်း မုံရွာမြို့၊ မြို့အဝင်ဂိတ်နဲ့ တောပုရွာ ပျူစခန်းကြား ဖြတ်သန်းသွားလာနေတဲ့ စစ်အုပ်စုကို ဒီညနေပိုင်း ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု နှစ်ယောက် သေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။
ကားလမ်းပေါ်က သွားရင် မိုင်းဆွဲခံရမှာကြောက်လို့ လယ်ကွင်းထဲက ဖြတ်သန်းသွားလာတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ Brave Heart Army(BHA)၊ Special Force-11(PDF)၊ MONYWA DYNAMITE၊ Myaung Revolution Army(MRA)၊ Peace Takers Task Force – PTTF နဲ့ God of Monywa စတဲ့ တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စွမ်းရည်ထက် စခ ဂိတ် (မုံရွာမြို့အဝင် စစ်အုပ်စုဂိတ်)မှ စောက် ပု ပျူရွာ (တောပုရွာပျူစခန်း) သို့ လ န ခဲယမ်းများ ပို့လာသော စခ(၂၁)ကောင်အား စွမ်းရည်ထက် ခွေးနေ စခန်း၊ အပြန် ညနေပိုင်း (၄)နာရီခွဲ အချိန် လမ်းခုလပ်တနေရာတွင် ပဒေသာ မိုင်းငါးလုံး၊ တစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ၊ နေရာတွင် စခ နှစ်ကောင် မုန့်ဟင်းခါးဖြစ်ပြီး အများအပြား ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည်” လို့ မုံရွာဒေသ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ မုံရွာမြို့အဝင် စက်သုံးဆီဆိုင်အနီးမှာ ဂိတ်ဖွင့်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေသလို မုံရွာ – မန္တလေး ကားလမ်းပေါ်က တောပုရွာမှာလည်း ပျူစခန်းဖွင့်ထားပြီး ကားလမ်းပေါ်တက်ကာ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။