ရန်ကုန်နဲ့မန္တလေးက ရွှေလုပ်ငန်းလုပ်ကိုင်တဲ့သူတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာတွေရှိနေတာကြောင့် တိမ်းရှောင်နေကြရပြီး ဒီနေ့မှာ ရန်ကုန်ရွှေဈေးကွက် မဖွင့်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
မနေ့ညက ရန်ကုန်မှာရှိတဲ့ ရွှေလုပ်ငန်းရှင် ၃ ဦးကို စစ်ကောင်စီက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် ကျန်တဲ့လုပ်ငန်းရှင်တွေလည်း တိမ်းရှောင်ခဲ့ရတယ်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ပထမဖမ်းထားတဲ့သူတွေ သူတွေက ဖော်လို့ ဝင်ဖမ်းတာ၊ ညဘက်ကြီး လုပ်ငန်းရှင် ၃ ဦးကို၊ ပထမလူတွေတုန်းက ရုံးဆင့်ခေါ်စာနဲ့ ခေါ်တာ၊ အခုက နေအိမ်မှာဝင်ဖမ်းတာ၊ ခရီးထွက်တယ်ဆိုပြီး ရှောင်တိမ်းနေတဲ့သူတွေများတော့ဝင်ဖမ်းတာ၊ အခုထိပြန်မလွတ်သေးဘူး၊ လုပ်ငန်းရှင်အကြီးပိုင်းတွေတော့ရှောင်သွားပြီ၊ ဒီနေ့ရွှေဈေးကွက်မဖွင့်နိုင်သေးဘူး” လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်ရွှေဈေးကွက် (ပြင်ပ)အခေါက်ရွှေဈေးနှုန်း သတ်မှတ်ဖွင့်လှစ်နိုင်ခြင်း မရှိပေမယ့် ရွှေဆိုင်တွေမှာတော့ ဖွင့်လှစ်ရောင်းချတာတွေ ရှိပေမယ့် အရောင်းအဝယ်အေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီက ခေါ်ယူစစ်ဆေးရာမှာ ရွှေလုပ်ငန်းအကြီးစား လုပ်သူတွေနဲ့ ရွှေအတုံးအခဲ အရောင်းအဝယ်လုပ်သူတွေကို ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ရွှေဆိုင်လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ အောင်သမာဓိရွှေဆိုင်လုပ်ငန်း၊ 29 ရတနာလုပ်ငန်း၊ အကယ်ဒမီရွှေဆိုင်ကြီးတွေက တာဝန်ရှိသူတွေကိုလည်း နာရီပိုင်းလောက်သာ နေအိမ်သို့ပြန်လွှတ်ပြီး စသုံးလုံးရုံးမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“အရင်က ခေါ်ထားတဲ့သူတွေလည်း ပြန်မလွတ်ပေးဘူး၊ ထောင်ချမလား တရားစွဲမလားလည်း မသိဘူး၊ ညကဖမ်းတဲ့ သူတွေလည်း ဘာသတင်းမှမကြားသေးဘူး၊ ရှောင်တဲ့သူတွေတော့ရှောင်သွားပြီ” လို့ နောက်ထပ်ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကမူ ယနေ့ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၂၂၅၉၆၀၀ ကျပ် သတ်မှတ်ထားပါတယ်။ လက်ရှိမှာတော့ ပြင်ပဈေးကွက်၌ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်နဲ့မန္တလေးက ရွှေနဲ့ဒေါ်လာလုပ်ငန်း လုပ်ကိုင်သူ ၉၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတာတွေရှိပြီး အရေးယူအပြစ်ပေးမယ့်သူ ၅၀ ခန့်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။