နေပြည်တော်မှာရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး နောက် ဝန်ထမ်းတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ မြန်မာနောင်းက သတင်းဖော်ပြလာပါတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပေါက်ကြားလာပြီးနောက် ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။ နေပြည်တော်ရှိ အစိုးရအရာရှိတစ်ဦးက “လုံခြုံရေးပေါက်ကြားလို့ (ရုံးအမှတ်) ၄၄ ထဲကနေ လူတွေကို (ရုံးအမှတ်) ၆ ထဲ ခေါ်ပြီး စစ်နေတာ” ဟု မြန်မာနောင်းကို အတည်ပြုပြောထားပါတယ်။
ရုံးအမှတ် (၄၄) က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးဖြစ်ပါတယ်။ အဲ့ဒီရုံးက ဝန်ထမ်းတွေ ရုံးမပြန်ရသေးဘဲ ဖုန်းတွေကအစ စစ်ဆေးခံနေရကြောင်း MOGE ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ စီမံဌာနက ဝန်ထမ်းအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နေပြည်တော်ရှိဝန်ထမ်းအချို့က သတင်းဌာနကို ပြောထားပါတယ်။ ဥရောပသမဂ္ဂက MOGE ကို မနှစ်က ပိတ်ဆို့အရေးယူခဲ့တဲ့အတွက် ပြည်ပမှာ ဒေါ်လာသန်း ၅၀၀ ကျော်ထက်မနည်း ပိတ်မိနေတာကို ထုတ်ယူနိုင်ဖို့ မြန်မာ့စီးပွားရေးဘဏ် (MEB) မှာ “ကံ့ကော်” အမည်နဲ့ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်ငွေစာရင်းတွေ ဖွင့်လှစ်ပေးဖို့ စွမ်းအင်ဝန်ကြီးဌာနက ဧပြီလမှာ ဗဟိုဘဏ်ကို တင်ပြခဲ့ပြီး MOGE အစား ငွေလက်ခံနိုင်ဖို့ စစ်ကောင်စီက စီစဉ်နေခဲ့တယ်လို့လည်း သိရပါတယ်။ မြန်မာနောင်းက ရရှိတဲ့ လျှို့ဝှက်စာအရ ရခိုင်ကမ်းလွန်က တရုတ်နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း (CNOUC) ထံက ဒေါ်လာ ၃၂၆ ဒသမ ၈၀ သန်း၊ တရုတ်-မြန်မာဖက်စပ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီတွေထံက ဒေါ်လာ ၁၀၈ ဒသမ ၈၂ သန်း၊ မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) ထံက ဒေါ်လာ ၆၈ ဒသမ ၆၈ သန်း ပြည်ပမှာ ပိတ်မိနေတာလို့ သိရပါတယ်။