ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာမှာ ဒီနေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
ဇူလိုင်လ ၂ ရက်က စပြီး သင်္ကန်းတုံးရွာအပါအဝင် အရှေ့တောဒေသရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာပါ။ လေးရက်အကြာမှာ အသက် ၃၀ ကျော်အရွယ်ရှိတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးရဲ့ အလောင်းကို တွေ့ခဲ့ရတာပါ။
“မနေ့ကတည်းက ရွာထဲမှာ အနံ့ရနေတာပါ။ ဒီနေ့မှ သေချာလိုက်ရှာလို့ တွေ့ရတာ” လို့ဒေသခံအမျိုသားတစ်ဦးကပြောပါတယ်။
သူ့ရဲ့ အလောင်းကို ဒီနေ့ပဲ မီးရှို့ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ ရဲဘော်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။
အဲဒီရဲဘော်ဟာ ထားဝယ်နဂါးတပ်ခွဲ(၂)က ရဲဘော်ဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။ အဖွဲ့တာဝန်ခံကို ဆက်သွယ်မေးမြန်းချိန်မှာ ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ မေးမြန်းခွင့်မရခဲ့ပါဘူး။
ဇူလိုင်လ ၂ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ သင်္ကန်းတုံးရွာအနီးတစ်ဝိုက်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီစခန်းကနေ မောင်းပြန်သေနတ် ၂ လက်၊ ပြောင်းချောသေနတ်တစ်လက်နဲ့ လက်လုပ်သေနတ်အများအပြားအပြင် ကျည်ဆံ၊ မိုင်းနဲ့ လက်နက်ကြီးကျည်တွေအများအပြားသိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်မှာလည်း စစ်ကောင်စီတပ်သားတွေက သင်္ကန်းတုန်းရွာထဲက နေအိမ် ၅ ဆောင်ကိုမီးရှို့ဖျက်ခဲ့သလို့ နေအိမ်အများအပြားကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့ပါသေးတယ်။