ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယူကေလွှတ်တော်ရဲ့ အထက်လွှတ်တော်အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury) နဲ့ အောက်လွှတ်တော်အမတ် Hon. Ms. Catherine West တို့နဲ့ ဇူလိုင် ၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်မှာ ဗီဒီယိုကွန်ဖရင့်ကတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ တရားမဝင်အာဏာသိမ်း စစ်ကောင်စီအပေါ် ထပ်မံအရေးယူဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်နိုင်ရေး၊ မြန်မာပြည်သူများအတွက် အကူအညီလိုအပ်နေတဲ့ ကဏ္ဍများနဲ့ ယူကေလွှတ်တော်ကိုယ်စား လှယ်များမှ အကူအညီပေးလုပ်ဆောင်နိုင်မယ့် ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနဲ့ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။