ဆဲဗင်းဇူလိုင် တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ စစ်အစိုးရ၊စစ်အုပ်စု၊စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) ကို အမြစ်ဖြတ်ချေမှုန်းသုတ်သင်မယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဗ.က.သက ကြေညာခဲ့ပါတယ်။
ဒီနေ့ ဇူလိုင်လ(၇) ရက်နေ့မှာဟာ ဗ.က.သများအဖွဲ့ချုပ်က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ (၆၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် ထုတ်ပြန် ကြေညာခဲ့တာပါ။
စစ်အုပ်စုဟာ တိုင်းပြည်အာဏာကို အဓမ္မနည်းနဲ့ တကျော့ပြန် ပေါ်ပေါ်ထင်ထင် သိမ်းပိုက်ခဲ့လို့ ပြည်သူလူထုဟာ စီးပွားရေး၊လူမှုရေး၊ပညာရေးအစရှိတဲ့ ကဏ္ဍပေါင်းစုံမှာ အရင်ကထက် နိမ့်ကျ ခဲ့ရသလို ဖက်ဆစ်စစ်တပ်နဲ့ လက်ပါးစေတွေဟာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထု အသက် အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို နေ့တိုင်းထင်ထင်ရှားရှား ကျူး လွန်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
“ပြည်သူလူထုရဲ့ သွေးတွေနဲ့ စွန်းပေနေတဲ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းပြီး ပြည်သူ့ အာဏာတည်ဆောက်ရမယ်”လို့ ဗ.က.သများအဖွဲ့ချုပ်က အသိပေးထားပါတယ်။
စစ်အစိုးရ၊စစ်အုပ်စု၊စစ်ဗျူရိုကရေစီယန္တရား တို့နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကိုအမြစ်ဖြတ်ချေမှုန်းသုတ်သင်ရမှာဟာ အဖိနှိပ်ခံလူမျိုး ပေါင်းစုံ ပြည်သူလူထုတရပ်လုံးရဲ့ အဓိကတာဝန်တရပ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဗ.က.သများအဖွဲ့ချုပ်က ဆဲဗင်းဇူလိုင် တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်စွဲကိုင်ကာ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးနဲ့အတူ စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) ကို အမြစ်ပြတ် ချေနှုန်းနိုင်တဲ့အထိ ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့မှာ စတင်ခဲ့တဲ့ ကျောင်းသားအရေးတော်ပုံကြီး ဟာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို ပထမဦးဆုံး စတင်တိုက်ပွဲဆင်ခဲ့တဲ့ အရေးတော်ပုံကြီး ဖြစ်ပါတယ်။