အင်းစိန်ဗဟိုစံပြ အကျဉ်းထောင်ထဲမှာ “နွေဦးတော်လှန်ရေးမှ ဖိနှိပ်ခံနိုင်ငံရေး အကျဉ်းသား အင်အားစု” က ဆဲဗင်းဂျူလိုင် အောက်မေ့ သတိရခြင်း အထိမ်းအမှတ် လှုပ်ရှားမှု ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇူလိုင် ၇ ရက်မှာ ကျရောက်တဲ့ ကျောင်းသားတွေရဲ့ ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ သမဂ္ဂ အဆောက်အအုံ ဖြိုချဖျက်ဆီးခံရခြင်း (၆၁) နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ အစီအစဉ် ၇ ခု ပြုလုပ်ခဲ့တယ်လို့ ဆိုတယ်။
အဆိုပါ အစီအစဉ်တွေထဲမှာ ခက်ခဲကြမ်းတမ်းတဲ့ ဒီမိုကရေစီ ခရီးတလျှောက် အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ခဲ့တဲ့ ကျောင်းသားတွေ အပါအဝင် ပြည်သူတွေနဲ့ ရဲဘော်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ တစ်မိနစ် ငြိမ်သက် အလေးပြုတာ၊ ဆဲဗင်း ဂျူလိုင် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး ပြန်သုံးသပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောင်းသားသမဂ္ဂ အဆောက်အအုံနဲ့ ရုံးခန်းတွေကို နဂိုမူလ နေရာမှာ ပြန်လည် တည်ဆောက်နိုင်ရေး ဆွေးနွေးခဲ့ပြီး နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ လက်ရှိဦးဆောင်မှု အခန်းကဏ္ဍအပေါ် သုံးသပ်တာ၊ ဗမာလူမျိုးကြီးဝါဒ ပပျောက်ရေးနဲ့ တိုင်းရင်းသား လူမျိုးအားလုံးရဲ့ နိုင်ငံရေး အခန်းကဏ္ဍအပေါ် ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်ကနေ အခုနှစ် ဇူလိုင်လ ၆ ရက်နေ့ထိ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု ခံခဲ့ရသူ စုစုပေါင်း ၂၃,၇၅၃ ဦးရှိပြီး အဲ့ဒီအထဲက ၁၉,၃၈၃ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေ အနက် ၆,၆၆၂ ဦး ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။